DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ပိုးကူးစက်မှုထိန်းနိုင်ပြီဖြစ်၍ ကွာရန်တင်းစင်တာနှင့်ဆေးရုံများ လျှော့ချမည်ဟု ဝန်ကြီးချုပ်ပြော
DVB
·
January 5, 2021
မန္တလေးတွင် ပိုးကူးစက်မှုထိန်းနိုင်ပြီဖြစ်၍ ကွာရန်တင်းစင်တာနှင့်ဆေးရုံများ လျှော့ချမည်ဟု ဝန်ကြီးချုပ်ပြော
Donate to DVB

မန္တလေးတိုင်းမှာ stay at home နှစ်ပတ်တာ လုပ်ခဲ့တဲ့ အကျိုးကျေးဇူးအရ ကိုဗစ်-၁၉ ပိုးတွေ့နှုန်း ထိန်းချုပ်နိုင်ခဲ့ပြီး ကွာရန်တင်းစင်တာတွေ လျှော့ချတာနဲ့ ကူးစက်ခံလူနာတွေထားတဲ့ ဆေးရုံတွေကို ပြန်ပေါင်းတော့မယ်လို့ တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

ဒီဇင်ဘာလ ၅ ရက်နေ့ကနေ ၁၈  ရက်နေ့အထိ stay at home နှစ်ပတ်တာ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ကိုဗစ်ကူးစက်မှု လျော့ကျသွားတာဖြစ်ပြီး ကူးစက်မှုကို ထိမ်းသိန်းနိုင်ပြီလို့ ဆိုပါတယ်။

“ဒီဟာကို ကျနော်တို့ ထိန်းနိုင်မှ ဖြစ်မှာ၊ မထိန်းနိုင်ရင် သူများနိုင်ငံမှာ တတိယလှိုင်း ပြန်ဖြစ်နေပြီ၊ နောက်ပြီးကျတော့ မျိုးစိတ်သစ်တစ်ခုလည်း တွေ့နေရပြီ၊ ယူနန်မှာ ရောက်နေတယ်၊ ယူနန်ကနေ အိန္ဒိယဘက် ရောက်တယ်လို့ သိရတယ်ပေါ့နော်။ အဲ့တော့ သူတို့ဆီမှာ ဆိုလို့ရှိရင် တစ်နေ့ သောင်းချီစစ်တယ်၊ သေတာလည်း ရာချီ သေနေကြတယ်။ အဲဒီတော့ ကျနော်တို့က ဒါကို လုပ်နိုင်ဖို့ဆိုရင် တခုတည်းတော့ နည်းလမ်းကတော့ Mask တပ်မယ်၊ စည်းနဲ့ကမ်း နဲ့ နေမယ်၊ လူစုလူဝေးကို ရှောင်မယ်၊ face shield တပ်မယ်၊ ဈေးထဲမှာတောင်မှ ကိုယ့်အသိစိတ်နဲ့ကိုယ် ဈေးသွားဝယ်ရင်ကို လက်အိတ်ပါမယ်၊ Mask ပါမယ်၊ face shield ပါမယ်၊ ဈေးသည်တွေကလည်း အဲဒီလိုပါမှ ရောင်းတာ ဝယ်တာ လုပ်သင့်တာပေါ့။ ဒါပေမဲ့ အဲဒီလောက်ထိကလည်း လူတွေ လိုက်နာကြရင် ပိုကောင်းတာပေါ့။ ကျနော်တို့ကတော့ ထိန်းနိုင်ပါတယ်၊ ထိန်းနိုင်အောင်လည်း အလှူရှင်တွေနဲ့ တတ်နိုင်သမျှ လုပ်တယ်။ အခုဆိုလို့ရှိရင် ကျနော်တို့ ကွာရန်တင်းစင်တာတချို့ကို လျှော့တော့မယ်။ မနေ့က တွေ့လိုက်တယ်၊ တချို့မှာ လူ ၃၀၀ လောက် ဆံ့တာမှာ လူ ၃၀ ပဲ ရှိတော့တယ်။ အဲဒီတော့ ကွာရန်တင်းစင်တာ ဖြေလျှော့မယ်၊ ဆေးရုံတချို့ကိုလည်း ကျနော်တို့ ပြန်ပေါင်းမယ်” လို့ ပြောပါတယ်။

မန္တလေးမြို့မှာ stay at home တင်းကျပ်ကာလနောက်ပိုင်း ကိုဗစ်ကူးစက်မှု လျော့ကျလာပေမယ့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကနေ ဒီဇင်ဘာလ ၂၆ ရက်ကစပြီး ခရိုင် ခုနစ်မြို့နယ်လုံးကို stay at home ပြန်လည်သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ပြည်ထောင်စုရဲ့ သဘောထားအတိုင်း လိုအပ်တဲ့ အခြေအနေတွေကို လိုက်နာလုပ်ဆောင်ပေးနေတာလို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။ 

“ပြည်ထောင်စုက လုပ်တာ၊ ကျနော်တို့က ကျော်လွှားလို့မရဘူးလေ။ တိုင်းဒေသကြီးအစိုးရက သူတို့လုပ်တဲ့အတိုင်း ကျနော်တို့က လိုက်လုပ်ပေးရတာပေါ့နော်။ အခုကတော့ ဘာပဲပြောပြော မန္တလေးကို ကယ်နိုင်တာ မန္တလေးလူထုပဲ ရှိတယ်။ ဘယ်သူမှ မကယ်နိုင်ဘူး။ ကျနော်တို့လည်း မကယ်နိုင်ဘူး။ ကျနော်တို့ လိုအပ်တာတွေ အကုန်လုပ်ပေးတယ်၊ တတ်နိုင်သမျှ စည်းနဲ့ကမ်းနဲ့ နေကြရင် ဆက်ကျသွားမယ် ထင်ပါတယ်” လို့ ပြောပါတယ်။

ကွာရန်တင်းစင်တာတချို့ကို ဇန်နဝါရီလလယ်လောက် ‌ပြန်လည်ပိတ်သိမ်းဖို့ လုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူတွေတွေဆီက သိရပါတယ်။

မန္တလေးတိုင်းဒေသကြီးမှာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ကနေ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့အထိ တစ်နှစ်နီးပါး ကာလအတွင်း ကိုဗစ်ကူးစက်ခံထားရသူ ၁၃,၈၉၂ ဦး၊ သေဆုံးသူ ၂၉၀၊ နဲ့ ဆေးရုံဆင်းခွင့်ရသူ ၁၁၈၈၅ ဦးရှိတယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။

သတင်း - ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013