DVB Logo
Home
မြန်မာသတင်း
အိန္ဒိယနိုင်ငံက အဝယ်ရပ်ထားသဖြင့် ပဲစင်းငုံဈေးနှုန်း ကျဆင်း
DVB
·
January 2, 2021
အိန္ဒိယနိုင်ငံက အဝယ်ရပ်ထားသဖြင့် ပဲစင်းငုံဈေးနှုန်း ကျဆင်း
Donate to DVB

မန္တလေး ပဲစင်းငုံဈေးကွက်မှာ အိန္ဒိယ အဝယ်ရပ်တန့်နေတာကြောင့် ၂၀၂၁ ခုနှစ် အစပိုင်းမှာ ခန့်မှန်းထားတဲ့ ဈေးနှုန်းအထိ မရရှိဘဲ အကျဈေးနဲ့ စတင်နေရတယ်လို့ ပဲကုန်သည်တွေက ပြောပါတယ်။

၂၀၂၀ ဈေးကွက်အတွင်း ပဲစင်းငုံ စတင်ဝင်ရောက်လာစဉ်က ၃ တင်းဝင် တစ်အိတ်ကို ငွေကျပ် ၉ သောင်းခွဲလောက်အထိ မြင့်တက်ခဲ့ပေမယ့် အခုအချိန်မှာတော့ ၇ သောင်းဝန်းကျင်ဈေးလောက်မှာသာ ရပ်တန့်နေတယ်လို့ ဆိုပါတယ်။

ပဲကုန်သည်တွေ၊ တောင်သူတွေအနေနဲ့ ၂၀၂၁ နှစ်စပိုင်းမှာ ပေါက်ဈေး ၈ သောင်းလောက်အထိ ရှိနိုင်မယ်လို့ ခန့်မှန်းထားပေမယ့် အခုချိန်မှာ ခန့်မှန်းဈေးနှုန်းထက် နိမ့်ကျနေတယ်လို့လည်း မန္တလေးမြို့က ပဲပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောပါတယ်။

“တောင်သူတွေအနေနဲ့က ပြီးခဲ့တဲ့ ကိုဗစ်-၁၉ ကာလ ၂၀၂၀ အောက်တိုဘာလက ပဲစင်းငုံ ၃ တင်းတစ်အိတ်ကို ၉ သောင်းခွဲလောက်ဖြစ်ခဲ့တယ်။ ဒီနှစ် ပေါ်တဲ့ရာသီမှာ ပဲစင်းငုံ တောင်သူတွေက ၃ တင်းတစ်အိတ်ကို ၈ သောင်းလောက်ဖြစ်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတယ်။ ဒါပေမယ့် အခုလက်ရှိ အခြေအနေကတော့ ၂၀၂၁ ပေါ်တဲ့ ပဲစင်းငုံအသစ်က ၇ သောင်း ရှိတယ်။ ၂၀၂၀ ပဲစင်းငုံအဟောင်းက ၆၄၀၀၀ နဲ့ မန္တလေး ဈေးကွက်မှာ အရောင်းအဝယ် ဖြစ်နေတယ်။” 

၂၀၂၀ နှစ်စပိုင်းကလည်း ပဲစင်းငုံဈေးနှုန်းဟာ ၇ သောင်းလောက်နဲ့ စခဲ့ပေမယ့်လည်း အိန္ဒိယ အဝယ်လိုက်ခဲ့တာကြောင့် ၉ သောင်းကျော်အထိ ဈေးနှုန်းမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယအစိုးရ နိုင်ငံခြားကုန်သွယ်ရေးဌာနက ပဲစင်းငုံ တန် ၄ သိန်း ပြည်ပက ဝယ်ယူတော့မယ်လို့ ကြေညာလိုက်တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ကစတင်ပြီး သုံးတင်းဝင်တစ်အိတ်ကို ငွေကျပ် ၉ သောင်းခွဲ ဈေးနှုန်းအထိ ရောက်ရှိခဲ့တာပါ။

ဦးစိုးဝင်းမြင့်က “ပြီးခဲ့တဲ့ နှစ်ကလည်း ၇ သောင်းလောက်နဲ့စခဲ့တယ်။ ဒါပေမဲ့ တောင်သူတွေအနေနဲ့ကတော့ ကြိုးစားပမ်းစား စိုက်ပျိုးတာတွေလည်း ရှိတယ်။ သို့ပေမဲ့လည်း ဈေးက အဟောင်းအနေနဲ့ကတော့ ၃ တင်းတစ်အိတ်ကို ၆ သောင်း ၄ ထောင် ရှိတယ်၊ အသစ်အနေနဲ့ကတော့ ၃ တင်းတစ်အိတ်ကို ၇ သောင်းရှိပါတယ်။ ဒါပေမဲ့ ဘာလို့အားရစရာမရှိလဲဆိုတော့ တောင်သူတွေက ပဲစင်းငုံဈေးက ဒီနှစ် ၃ တင်းတစ်အိတ်ကို ၉သောင်းခွဲအထိ တက်ခဲ့တယ်။ ပြီးခဲ့တဲ့ ကိုဗစ်-၁၉ ကာလအချိန်အထိ အောက်တိုဘာလ အချိန်မှာ အိန္ဒိယက သင်္ဘောတင်တဲ့ရက်ဖြစ်နေလို့။ ဒါပေမဲ့ အဲလိုဈေးကိုမျှော်မှန်းပြီးတော့ နှစ်ကုန်လောက်ဆိုရင်လည်း ၈ သောင်းလောက်တော့ဖြစ်မယ်လို့ တောင်သူတွေ မျှော်မှန်းခဲ့တယ်။”

အိန္ဒိယ နိုင်ငံခြားရေးကုန်သွယ်ရေးဌာန DGFT က ၂၀၂၀ ဘဏ္ဍာနှစ် အတွင်း ပဲစင်းငုံတန်ချိန် ၄ သိန်း ဝယ်ယူမှာဖြစ်ပြီး   တင်သွင်းမှုကို နိုဝင်ဘာ ၁၅ ရက်နေ့အမီ အိန္ဒိယ ဆိပ်ကမ်းအရောက် တင်သွင်းရမယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ 

ပဲစင်းငုံဈေးနှုန်းဟာ နိုဝင်ဘာလနောက်ပိုင်းကနေ စတင် ကျဆင်းလာတာလို့ သိရပါတယ်။

သတင်း - ခင်ပြည့်စုံဝင်း၊ ဓာတ်ပုံ - ဝင်းဝင်းပွဲရုံ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013