စမွန်စခွန်တွင် ရဲဝင်စစ်မည်စိုး၍ တရားမဝင်အလုပ်သမားများကို အလုပ်ရှင်က စွန့်ပစ်
DVB
·
December 23, 2020
ထိုင်းနိုင်ငံ အလယ်ပိုင်း စမွတ်စာခွန် ခရိုင် မဟာချိုင်မှာ ကိုဗစ်-၁၉ ကူးစက်သူ အမြောက်အမြား တွေ့ရှိတဲ့နောက် ရွှေ့ပြောင်းအလုပ်သမားတွေကို ရှာဖွေပြီး ကိုဗစ်-၁၉ စစ်ဖို့ သက်ဆိုင်ရာက ဆောင်ရွက်နေပါတယ်။
အဲဒီလို ရှာဖွေရာမှာ အထောက်အထားမပြည့်စုံတဲ့ အလုပ်သမားတွေ ငှားရမ်းလက်ခံထားတာတွေ့ရင် အရေးယူခံရမှာစိုးလို့ အချို့အလုပ်ရှင်တွေက အလုပ်သမားတွေကို တခြားနေရာ ခေါ်ထုတ်သွားတာနဲ့ လမ်းမှာစွန့်ပစ်ထားတာတွေလည်း ရှိနေပါတယ်။
မနေ့ညကလည်း စမွတ်စာခွန်ခရိုင် ဘန်ဖရီမြို့မှာ အလုပ်ရှင်က လာပစ်ထားလို့ နေစရာမရှိဘဲ လမ်းထိပ်မှာ ယောင်ချာချာဖြစ်နေတဲ့ မြန်မာလုပ်သား ၁၄ ဦးကို တာဝန်ရှိသူတွေက သွားရောက်ဖမ်းဆီးလိုက်ပါတယ်။
ဘန်ဖရီမြို့ ရာချားထေဝါရပ်ကွက် ဂရင်းလိတ်လမ်းထိပ်မှာ မသင်္ကဖွယ် အလုပ်သမားတစု ရောက်ရှိနေကြောင်း အကြောင်းကြားချက်ရတဲ့အတွက် ဘန်ကျောက်ရဲစခန်းတာဝန်ရှိသူတွေက ည ၁၁ နာရီလောက်မှာ သွားရောက်စစ်ဆေးခဲ့ပါတယ်။
အဲဒီမှာ မြန်မာလုပ်သား ၁၄ ဦး (ကျား ၇ ဦး၊ မ ၇ ဦး) တို့ကို တွေ့ရပြီး ၆ ဦးမှာ အထောက်အထားရှိကာ ၈ ဦးမှာ ပတ်စပို့နဲ့ အလုပ်သမားကတ်မရှိကြဘူးလို့ ဆိုပါတယ်။
စစ်ဆေးမေးမြန်းရာမှာ သူတို့ဟာ STI ကုမ္ပဏီရဲ့ ပလတ်စတစ်စက်ရုံ အလုပ်သမားတွေဖြစ်ပြီး မနေ့ ညနေ ၆ နာရီလောက်မှာ အလုပ်ရှင်က အလုပ်သမားတွေကို တာဝန်ရှိသူတွေ ကိုဗစ်-၁၉ လာစစ်မှာဖြစ်ကြောင်း၊ အဲဒီလိုလာစစ်ပါက အထောက်အထား မပြည့်စုံတာကိုတွေ့ရင် အဖမ်းခံရမှာစိုးလို့ သူတို့အားလုံး ၂၄ ယောက်ကို အထုပ်အပိုးပြင်ပြီး တိမ်းရှောင်စေခဲ့တယ်လို့ ဆိုပါတယ်။
အလုပ်ရှင်က သူတို့ ၂၄ ယောက်ကို ကား ၅ စီးနဲ့ ခေါ်ထုတ်လာပြီး အစက လယောင်းခရိုင်ရှိ နာနတ်တောခြံတစ်ခုမှာ သွားထားခဲ့ကြောင်း၊ အဲဒီမှာ တချို့ပဲ နေခဲ့ပြီး တချို့ကတော့ မနေဘူးဆိုလို့ အလုပ်ရှင်က တခြားခိုလှုံစရာ အသိဆွေမျိုးတွေဆီ သွားနေကြဆိုပြီး သူတို့ကို အဲဒီဘန်ဖရီမြို့ ဂရင်းလိတ်အိမ်ရာ လမ်းထိပ်မှာ ချထားခဲ့တာလို့ ပြောပါတယ်။
အဲဒီအိမ်ရာထဲမှာ သူတို့အသိမိတ်ဆွေအလုပ်သမားတွေ ရှိလို့ ခိုလှုံခွင့်တောင်းခဲ့ပေမယ့် သူတို့တွေဟာ ကိုဗစ်-၁၉ ကူးစက်မှုဖြစ်နေတဲ့အရပ်က လာတာမို့ တိုက်ပိုင်ရှင်က လက်ခံဖို့ ငြင်းဆိုခဲ့ကြောင်း၊ ဒါကြောင့် လမ်းထိပ်မှာ ယောင်လည်လည်နဲ့ နေစရာ အခက်တွေ့နေစဉ် ရဲတွေ ရောက်လာတာလို့ ဆိုပါတယ်။
ရဲစခန်းက အလုပ်သမားတွေကိုရော သူတို့ကို တာဝန်မဲ့ စွန့်ပစ်သွားတဲ့ အလုပ်ရှင်ကိုပါ တရားဥပဒေအရ အရေးယူသွားမှာဖြစ်ပြီး လောလောဆယ် သူတို့ ၁၄ ယောက်လုံးကို ခရိုင်အားကစားကွင်းမှာ ဖွင့်ထားတဲ့ ကွာရန်တင်းစင်တာဆီ ပို့ဆောင်လိုက်တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြသွားပါတယ်။