DVB Logo
Home
မြန်မာသတင်း
၉ လအတွင်း မြန်မာက ကိုဗစ်ပိုးတွေ့ ၁၁၀,၀၀၀ ကျော်ဖြင့် အာရှကူးစက်မှုအမြင့်ဆုံးအဆင့် ၂၄ ဖြစ်လာ
DVB
·
December 23, 2020
၉ လအတွင်း မြန်မာက ကိုဗစ်ပိုးတွေ့ ၁၁၀,၀၀၀ ကျော်ဖြင့် အာရှကူးစက်မှုအမြင့်ဆုံးအဆင့် ၂၄ ဖြစ်လာ
Donate to DVB

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၁၁၀,၀၀၀ ကျော်ရှိလာခဲ့ပြီဖြစ်ကာ အာရှဒေသတွင်း နိုင်ငံပေါင်း ၄၉ နိုင်ငံထဲမှာ ကူး စက်မှုအမြင့်ဆုံးအဆင့် ၂၄ နေရာမှာ ရပ်တည်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်မှာ တွေ့ရှိခဲ့ပြီး ရခိုင်ပြည်နယ်က တကျော့ပြန်ကူးစက်မှုတွေနဲ့အတူ အချိန် ၉ လ ရှိလာခဲ့ချိန်မှာတော့ ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၁၀,၀၀၀ ကျော်လာခဲ့တာပါ။

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထပ်တိုးမလာစေဖို့ ပွင့်လင်းရာသီပိတ်ရက်တွေမှာ ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ခရီးသွားလာတာတွေ၊ လူစုလူဝေးပြုလုပ်တာတွေ မလုပ်ကြဖို့၊ တတ်နိုင်သမျှ နေအိမ်ထဲမှာသာ နေထိုင်ကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပန်ကြားထားပါတယ်။

လက်ရှိအချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ ၇၈ သန်းကျော် ရှိလာခဲ့ပြီဖြစ်ပြီး သန်းနဲ့ချီ ကူးစက်ခံထားရတဲ့ နိုင်ငံအရေအတွက်ဟာလည်း ၁၅ နိုင်ငံထိ ရှိလာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

အာရှနိုင်ငံတွေထဲ ရောဂါကူးစက်မှုအမြင့်ဆုံး နိုင်ငံကတော့ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံတနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံဖြစ်ပြီး ကူးစက်ခံရသူ ၁၀ သန်းကျော်နဲ့ သေဆုံးသူ ၁၄၆,၄၃၈ ယောက်ရှိနေတာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ နောက်မှာတော့ တူရကီနဲ့ အီရန်နိုင်ငံတွေက ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၂ သန်းကျော်၊ ၁ ဒသမ ၁ သန်းကျော်စီနဲ့ ထိပ်ဆုံး ၃ နိုင်ငံ အနေနဲ့ ရှိနေတာပါ။

အာဆီယံနိုင်ငံတနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၆၇၈,၁၂၅ ယောက်နဲ့ အမှတ်စဉ် ၄ နေရာမှာရှိနေပြီး သေဆုံးသူ ၂၀,၂၅၇ ယောက် ရှိပါတယ်။

အဆင့် ၅ နေရာမှာတော့ အီရတ်နိုင်ငံက ရောဂါကူးစက်ခံရသူ ၅၈၆,၅၀၃ ယောက်နဲ့ ရပ်တည်နေပြီး သူ့နောက်မှာတော့ မြန်မာနိုင်ငံရဲ့ နောက်ထပ်အိမ်နီးချင်း နိုင်ငံတနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရောဂါကူးစက်ခံရသူ ၅၀၃,၅၀၁ ယောက်၊ သေဆုံးသူ ၇,၃၂၉ ယောက်နဲ့ ရှိနေပါတယ်။

အဲဒီနောက်မှာတော့ အာဆီယံနိုင်ငံတွေထဲ ကူးစက်မှုအမြင့်ဆုံးနိုင်ငံထဲမှာ ပါဝင်တဲ့ ဖိလစ်ပိုင်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၄၆၂,၈၁၅ ယောက်နဲ့ အဆင့် ၇ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံကတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၀၀,၆၅၈ ယောက်၊ သေဆုံး သူ ၂,၉၄၄ ယောက်နဲ့ အာရှအဆင့် ၁၅ နေရာမှာ ရှိနေပါတယ်။

လတ်တလော ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံကတော့ ရောဂါဖြစ်ပွားမှု စတင်ရာ တရုတ်နိုင်ငံကို ကျော်လွန်လာခဲ့ပြီဖြစ်ကာ ဒီဇင်ဘာ ၂၂ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၁၇,၉၄၆ ယောက်၊ သေဆုံး သူ ၂,၄၈၄ ယောက်နဲ့ အာရှအဆင့် ၂၄ မှာ ရှိနေပါတယ်။

လက်ရှိအချိန်ထိ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဓာတ်ခွဲစစ်ဆေးမှု စုစု ပေါင်း ၁ ဒသမ ၆ သန်းကျော် ပြုလုပ်ခဲ့ပြီးဖြစ်ကာ စောင့်ကြည့်လူနာပေါင်း ၁၅,၅၈၁ ယောက် ရှိနေတယ်လို့ ဝန်ကြီးဌာန ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

ဒါဟာ အာဆီယံနိုင်ငံတွေထဲမှာ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ပြီးရင် မြန်မာနိုင်ငံက ကိုဗစ်-၁၉ ကူးစက်ခံရမှုနဲ့ သေဆုံးမှုအများဆုံး တတိယမြောက်နိုင်ငံ ဖြစ်လာနေခဲ့တာပါ။

မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၉၇,၃၈၉ ယောက်နဲ့ သေဆုံးသူ ၄၃၉ ယောက်ရှိနေပြီး မြန်မာနိုင်ငံနောက် အဆင့် ၂၅ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈၆,၈၆၇ ယောက်၊  စုစုပေါင်း သေဆုံးသူ ၄,၆၃၄ ယောက်နဲ့ ခုရက်ပိုင်းအတွင်း ထပ်မံတိုးလာခြင်း မရှိဘဲ အာရှနိုင်ငံအလိုက် အမှတ်စဉ် ၂၇ နေရာထိ ကျဆင်းသွားပါတယ်။

အာဆီယံနိုင်ငံတနိုင်ငံဖြစ်တဲ့ စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၈,၄၆၁ ယောက်နဲ့ သေဆုံးသူ ၂၉ ယောက် ရှိနေပြီး အာရှအဆင့် ၃၀ မှာ ရှိနေခဲ့တာပါ။

သူ့နောက်မှာ တောင်ကိုရီးယားနိုင်ငံက ရောဂါကူးစက်ခံရသူ အရေအတွက် ၅၁,၄၆၀ ယောက်နဲ့ သေဆုံးသူ ၇၂၂ ယောက်နဲ့ ရှိနေပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၅,၇၁၆ ယောက်နဲ့ သေဆုံးသူအရေအတွက် ၆၀ ယောက် ရှိနေပြီး အာရှအဆင့် ၃၉ နေရာမှာ ရှိနေခဲ့ပါတယ်။

နောက်ထပ် အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ လာအိုနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၄၁ ယောက်နဲ့ အာရှဒေသတွင်း ကူးစက်မှုအနည်းဆုံးနိုင်ငံထဲမှာ ပါနေပြီး သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။

တကမ္ဘာလုံးမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူအရေအတွက် ဟာ  ၁ ဒသမ ၇ သန်းကျော်လာခဲ့ပြီဖြစ်ကာ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာ သူအရေအတွက်ကတော့ ၅၅ သန်းကျော် ရှိခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013