
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၉၆၄ ယောက် တွေ့ရှိခဲ့ပြီး လူနာ ၁၉ ယောက်ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။
သေဆုံးသူ ၁၉ ယောက်ထဲမှာ ၁၃ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီဇင်ဘာ ၂၁ ရက် ည ၈ နာရီမှ ဒီဇင်ဘာ ၂၂ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၃,၄၈၅ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၉၆၄ ယောက် ထပ်မံတွေ့ရှိခဲ့တာပါ။
လူနာသစ်တွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန် ကြေညာတာ မရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဒီနေ့ ဆေးရုံမှ ဆင်းခွင့်ရသူ ၁,၁၃၄ ယောက်ရှိပြီး ပြည်သူ့ဆေးရုံတွေက ၆၁၅ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက ၅၁၉ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၉၃၈ ယောက်ကို နေအိမ်တွေမှာ အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၂၂ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၁၇,၉၄၆ ယောက်၊ သေဆုံးသူ ၂,၄၈၄ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၉၇,၈၁၉ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာသန်း ၇၇ ဒသမ ၈ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၇ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၅၄ ဒသမ ၇ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။
ပုံစာ- တောင်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ ကိုဗစ်-၁၉ ရောဂါအထူးကြပ်မတ်ကုသဆောင် (ICU)










