ရန်ကုန်မြစ်အတွင်း အပျော်စီးသင်္ဘော ခရီးစဉ် စတင်ပြေးဆွဲ
သူဇာလင်း
·
December 21, 2020

ခရီးသွားလုပ်ငန်းပြည်လည်ဖွံ့ဖြိုးလာဖို့အတွက်ရည်ရွယ်ပြီး ရန်ကုန်မြစ်အတွင်း အပျော်စီးသင်္ဘောခရီးစဉ်ကို ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေက စတင်ပြေးဆွဲခဲ့ပါတယ်။
အဲဒီခရီးစဉ်ကတော့ ဗိုလ်တထောင်- ဘုရင့်နောင်- မြစ်သုံးဆိုင် ဗိုလ်တထောင် ခရီးစဉ်နဲ့ ဗိုလ်တထောင်-မြစ်သုံးဆိုင်-ပဲခူးမြစ် ဗိုလ်တထောင်ခရီးစဉ်တို့ကို ၃ နာရီအကြာ ခရီးတိုအဖြစ် ပြေးဆွဲသွားမှာဖြစ်ပါတယ်။
အပျော်စီးသင်္ဘောကို ကိုဗစ်စည်းမျဉ်းတွေအရ တစ်ကြိမ်ကို လူအယောက် ၃၀ သာ လက်ခံပြေးဆွဲမှာ ဖြစ်ပါတယ်။
ညနေပိုင်းတွေမှာ တပတ် ကို ၂ ကြိမ်အထိ ပြေးဆွဲသွားဖို့ စီစဉ်ထားပြီး လက်မှတ်ခအနေနဲ့ အစားအသောက်ဘူးအပါအဝင် တစ်ဦးကို ငွေကျပ် တစ်သောင်းခွဲ ကျသင့်ပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်းဝင် ခရီးသွားကုမ္ပဏီတွေမှာ ဆက်သွယ်၀ယ်ယူနိုင်မှာပါ။
ဒါ့အပြင် နောက်ပိုင်းမှာလည်း ဗိုလ်တထောင်ဆိပ်ကမ်းကနေ တွံတေးမြို့ကိုလည်း နေ့ချင်းပြန် ခရီးစဉ် ပြေးဆွဲသွားမယ်လို့ ဆိုပါတယ်။
ဒီအစီအစဉ်ကို ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ ဦးဆောင်မှုနဲ့ ပြည်တွင်းရေးကြောင်းပို့ဆောင်ရေးနဲ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းတို့က ပူးပေါင်း ပြေးဆွဲတာလည်း ဖြစ်ပါတယ်။
ပြည်တွင်းရေကြောင်းပို့ဆောင်ရေးက လက်ရှိမှာ အပျော်စီးသင်္ဘော ၂ စီး စီစဉ်ထားပြီး နောက်ပိုင်းမှာတော့ ခရီးသွားအခြေအနေကိုကြည့်ပြီး တို့ချဲ့ပြေးဆွဲသွားမယ်လို့ ပြောပါတယ်။
ဒီဇင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်းကလည်း မြန်မာ့ပထမဆုံး အပျော်စီးလေယာဉ်ခရီးစဉ် ရန်ကုန်-ကျိုက်ထီးရိုး-ဘားအံကို စတင်ပြေးဆွဲခဲ့ပြီး မန္တလေး-ပုဂံ-အင်းလေးတို့ကိုလည်း တိုးချဲ့ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။