DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြစ်အတွင်း စက်လှေမှောက်ပြီး ခရီးသည်အချို့ ပျောက်ဆုံးနေ
DVB
·
July 24, 2025
ရန်ကုန်မြစ်အတွင်း စက်လှေမှောက်ပြီး ခရီးသည်အချို့ ပျောက်ဆုံးနေ
Donate to DVB

ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်နဲ့ ဒလမြို့နယ် သမ္မတကမ်း‌ခြေကူးတို့ဆိပ်ကို ပြေးဆွဲနေတဲ့ စက်လှေတစင်းဟာ ဇူလိုင် ၂၄ ရက် ဒီမနက်က တိမ်းမှောက်ခဲ့တာကြောင့် စက်လှေပေါ်ပါသူ အနည်းဆုံး  ၃ ယောက်  နစ်မြုပ်ပျောက်ဆုံးနေတယ်လို့  ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဒီမနက် ၇ နာရီခွဲလောက်မှာ ဒလမြို့နယ်ရှိ သမ္မတကမ်းခြေကူးတို့ဆိပ်မှ ဗိုလ်တထောင်ဆိပ်ကမ်းကို ခရီးသည် ၁၀ ယောက် တင်ဆောင်လာတဲ့ စက်လှေဟာ ရေလယ်အရောက် လေဆင်နှာမောင်းတိုက်ရာမှ နစ်မြုပ်ခဲ့တာလို့ သိရပါတယ်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က တာဝန်ရှိသူတယောက်က "ဒီမနက်ကလည်း ရာသီဥတုဆိုးရွားတယ်။ မိုးအရမ်းရွာလို့ သဗ္ဗန်နစ်မြုပ်တာမဟုတ်ဘူး။ လေဆင်နှာမောင်းကြောင့်ဖြစ်တာ။ ဗိုလ်တထောင်က စည်ပင်အိမ်ရာဝင်းဆိုလည်း လေဆင်နှာမောင်းကြောင့် ပျက်စီးတာတွေရှိတယ်။ အဲဒီအချိန်မှာ သဗ္ဗန်ကလည်း ထွက်တဲ့အချိန်ဆိုတော့ မြုပ်သွားတာ။ ခုချိန်ထိတော့ ရှာဖွေနေဆဲပါပဲ” လို့ ပြောပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “လေမိုးကြီးနေတော့ မနက် ၁၀ နာရီကျော်အထိ ဘာမှ လုပ်မရဘူး။ ရေကြောင်းကရော၊ ကယ်ဆယ်ရေးလှေတွေရော ရပ်ထားရတယ်။ မိုးနည်းနည်းငြိမ်တာနဲ့  ရှာဖွေရေးတော့ လုပ်ကြဖို့ အသင့်ပြင်ထားကြပါတယ်။ ဟိုဘက်ကမ်းမှာ အမျိုးသားတဦးတော့ ဘေးက လှေတစီးက ဆယ်ထားလိုက်တယ်။ လှေပေါ်မှာ ၃ ဦး ကျန်သေးတယ် ပြောတယ်” လို့ ပြောပါတယ်။

မနက် ၁၀ နာရီခွဲလောက်မှာတော့ ရှာဖွေကယ်ဆယ်ရေးကို ရေကြောင်းရဲတပ်ဖွဲ့ဝင်တွေ၊ အရပ်ဘက် ကယ်ဆယ်ရေးအဖွဲ့‌ဝင်တွေ၊ စက်လှေမောင်းသူတွေက ပူးပေါင်းလုပ်ဆောင်နေ ကြတယ်လို့ သိရပါတယ်။

မြို့ခံတယောက် “နန်းသီတာမှာ ဆိုရင် ချယ်ရီ( သင်္ဘောကြီး)တွေ ရှိတယ်။ ဒီဘက်က မရှိတော့ ကြုံရာ လှေနဲ့ ကူးရတာ။ အသက်ကယ်အင်္ကျီ မလောက်ဘူး။ တစီးမှာ ၁၀ ယောက်တင်ရင် ၃၊ ၄ ခုပဲ ပါတယ်” လို့ ပြောပါတယ်။

ပျောက်ဆုံးလူစာရင်း ကျားမ ဦးရေ အတိအကျနဲ့ပတ်သက်လို့ သက်ဆိုင်ရာ ရှာ‌ဖွေရေးအဖွဲ့တွေရဲ့ အတည်ပြုချက်ကို  စောင့်ဆိုင်းနေရဆဲဖြစ်ပါတယ်။

စက်လှေတွေအနေနဲ့ ရာသီဥတုအခြေအနေပေါ်မူတည်ပြီး ထွက်ခွာကြဖို့လည်း သတိပေးထားမှုတွေ ရှိနေပါတယ်။

ဒလမြို့နယ်အတွင်းရှိ စက်လှေကူးတို့ဆိပ် ၁၁ ဆိပ်တို့ကနေ နေ့စဉ် မနက် ၆ နာရီ အချိန်ဆိုပုံမှန်ထွက်လေ့ရှိပြီး အနယ်နယ်အရပ်ရပ်က ခရီးသွားတွေဟာ ရန်ကုန်မြို့တွင်းကို ပုံမှန်ကူးသန်းသွားလာနေကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013