
မြန်မာတနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစစ်ဆေးသူပေါင်း ၁ သန်းခွဲကျော် ရှိခဲ့ပြီဖြစ်ကာ ပိုးတွေ့လူနာ ၁ သိန်း ၁ သောင်း ကျော်လာခဲ့ပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဒီဇင်ဘာ ၂၀ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစစ်ဆေးသူ စုစုပေါင်း ၁,၅၉၄,၆၅၄ ယောက်၊ ပိုးတွေ့လူနာ ၁၁၆,၁၃၄ ယောက်၊ စောင့်ကြည့်လူနာပေါင်း ၁၅,၅၈၁ ယောက်ရှိနေတယ်လို့ ဝန်ကြီးဌာနရဲ့ တရားဝင် ဝက်ဘ်ဆိုက်ဒ်စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ မတ် ၂၃ ရက်ကစတင်တွေ့ရှိခဲ့တာဖြစ်ပြီး တကျော့ပြန်ကူးစက်မှုတွေနဲ့ အချိန် ၉ လနီးပါးရှိ လာခဲ့ချိန်မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပိုးတွေ့လူနာအရေအတွက် တိုးနေခဲ့တာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၀ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ တနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ပိုးတွေ့ သေဆုံးလူနာ ၂,၄၄၃ ယောက်နဲ့ ပိုးတွေ့ပြန်လည်သက်သာလာသူပေါင်း ၉၅,၃၈၇ ယောက် ရှိနေပါတယ်။
ပြည်နယ်နဲ့ တိုင်းအလိုက်ကြည့်မယ်ဆိုရင်တော့ ရန်ကုန်တိုင်းက လူနာအရေအ တွက် ၇၉,၀၀၀ ကျော် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပြီး ပိုးတွေ့လူနာ အများဆုံး ဖြစ်ကာ ဒုတိယနေရာမှာတော့ မန္တလေးတိုင်းက ပိုးတွေ့လူနာ ၁၁,၀၀၀ ကျော်နဲ့ ကူးစက်မှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။
မြန်မာတနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ထောင်ချီကူးစက်ခံမြို့နယ် ၃၅ ထိ ရှိလာခဲ့ပြီဖြစ်ကာ အဆိုပါ မြို့နယ်တွေထဲမှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်ပေါင်း ၂၈ မြို့နယ်၊ မန္တလေးတိုင်းက ၅ မြို့နယ်၊ ရခိုင်ပြည်နယ်က ၁ မြို့နယ်နဲ့ ပဲခူးတိုင်းက ၁ မြို့နယ် ပါဝင်နေတာ ဖြစ်ပါတယ်။
အဲဒီထဲမှာ ပိုးတွေ့လူနာ ၅,၀၀၀ ကျော်တဲ့ မြို့နယ် ၂ ခု၊ ၄,၀၀၀ ကျော်တဲ့ မြို့နယ် ၃ ခု၊ ၃,၀၀၀ ကျော်တဲ့ မြို့နယ် ၂ ခု၊ ၂,၀၀၀ ကျော်တဲ့ မြို့နယ် ၁၀ ခုနဲ့ ၁,၀၀၀ ကျော်တဲ့ ၁၈ ခု ပါဝင်နေတာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ အစိုးရအနေနဲ့ အများပြည်သူကို ကျန်းမာရေး အသိပညာပေးမှုတွေ စဉ်ဆက်မပြတ်လုပ်ဆောင်ပေးနေပြီး ပြည်နယ်နဲ့တိုင်းအလိုက် ပါးစပ်နဲ့ နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်တွေကိုလည်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ နှစ်ကုန်ပိုင်းက တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုဟာ တကမ္ဘာလုံးကပ်ရောဂါအသွင်ဆောင်လာခဲ့ပြီး လက်ရှိအချိန်ထိ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၇၇ သန်းနီးပါး ရှိလာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၁ ဒသမ ၇ သန်းနီးပါးနဲ့ ရောဂါပျောက်ကင်းသက်သာသူ စုစုပေါင်း ၅၄ သန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။










