
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၉၄၇ ယောက် တွေ့ရှိခဲ့ပြီး လူနာ ၁၉ ယောက်ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။
သေဆုံးသူ ၁၉ ယောက်ထဲမှာ ၁၅ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီဇင်ဘာ ၁၉ ရက် ည ၈ နာရီမှ ဒီဇင်ဘာ ၂၀ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၀,၅၂၆ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၉၄၇ ယောက် ထပ်မံတွေ့ရှိခဲ့တာပါ။
လူနာသစ်တွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန် ကြေညာတာ မရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဒီနေ့ ဆေးရုံမှ ဆင်းခွင့်ရသူ ၁၂,၆၉ ယောက်ရှိပြီး ပြည်သူ့ဆေးရုံတွေက ၇၃၃ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက ၅၃၆ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၁၂,၉၅ ယောက်ကို နေအိမ်တွေမှာ အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၂၀ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၁၆,၁၃၄ ယောက်၊ သေဆုံးသူ ၂,၄၄၃ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၉၅,၃၈၇ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာသန်း ၇၆ ဒသမ ၇ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၆ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၅၃ ဒသမ ၈ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။
ပုံစာ- ကိုဗစ်-၁၉ ကုသရေးဌာန(သုဝဏ္ဏ)၊ အထူးကြပ်မတ်ကုသဆောင် (ICU)










