Homeမြန်မာသတင်း
ကရင်ပြည်နယ်၌ စစ်သည်အချို့ မိုင်းဆွဲတိုက်ခိုက်ခံရ၊ ကေအန်ယူ NCA ချိုးဖောက်ဟု တပ်မတော်စွပ်စွဲ
ကရင်ပြည်နယ်၌ စစ်သည်အချို့ မိုင်းဆွဲတိုက်ခိုက်ခံရ၊ ကေအန်ယူ NCA ချိုးဖောက်ဟု တပ်မတော်စွပ်စွဲ
DVB
·
December 16, 2020

ကရင်ပြည်နယ်၊ မဲဝိုင်ဒေသအနီးမှာ အုပ်ချုပ်မှုကိစ္စ ဆောင်ရွက်နေတဲ့ တပ်မတော်သားတွေကို ကေအန်ယူလက်အောက်ခံ KNLA တပ်မဟာ(၅)အဖွဲ့က မိုင်းဆွဲတိုက်ခိုက်လို့ စစ်သည်တချို့ ဒဏ်ရာရသွားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပါတယ်။
ဒီဇင်ဘာ ၁၅ ရက်မနက်က တပ်မတော်သားတွေကို KNLA တပ်မဟာ(၅)က မိုင်းဆွဲ တိုက်ခိုက်လို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ KNLA အဖွဲ့တွေ ဆုတ်ခွာထွက်ပြေး သွားခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နဲ့ KNLA တပ်မဟာ(၅) ဘက်ကတော့ တစ်စုံတရာ ပြန်လည် ထုတ်ပြန်တာမတွေ့ရသေးပါဘူး။
KNLA တပ်မဟာ(၅)အဖွဲ့ဟာ ဒီဇင်ဘာလအတွင်း မဲဝိုင်အနီး သတ်မှတ် နယ်မြေ ကျော်လွန်ပြီး မိုင်းဆွဲတိုက်ခိုက်မှု ၅ ကြိမ်နဲ့ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ပြီး NCA စာချုပ်ပါ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေနဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ် ပြဌာန်းချက်ကို ချိုးဖောက်ခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။
KNLA တပ်မဟာ(၅)ရဲ့ NCA သဘောတူစာချုပ် ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ၂၀၂၀ ပြည့်နှစ်အတွင် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီထံ ၃၉ ကြိမ် ကန့်ကွက်ထားတယ်လို့ သိရပါတယ်။