
ဆိုမာလီနိုင်ငံမြို့တော် မိုဂါဒစ်ရှူးမှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးနောက် အစိုးရက တရားဥပဒေ စိုးမိုးရေး ပြန်လည်ထိန်းသိမ်းလိုက်ကြောင်း ကြေညာလိုက်တာကြောင့် ဒေသခံတွေဟာ ဇွန် ၅ ရက် မှာ ပျက်စီးသွားတဲ့ သူတို့ရဲ့အိမ်တွေဆီ ပြန်လာ ရှင်းလင်းခဲ့ပါတယ်။
သမ္မတရဲ့ ရာထူးသက်တမ်းတိုးမြှင့်မှုကို အကြောင်းပြုပြီး မိုဂါဒစ်ရှူးမှာ အစိုးရတပ်နဲ့ အတိုက်အခံ လက်နက်ကိုင်တွေအကြား ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကာ လက်နက်ကြီးတွေနဲ့ ညလုံးပေါက် ပစ်ခတ်မှုကြောင့် လူနေရပ်ကွက်တွေနဲ့ စီးပွားရေးလုပ်ငန်း တွေလည်း ပျက်စီးဆုံးရှုံးခဲ့ရတာပါ။
ရပ်ကွက်တော်တော်များများမှာ နံရံတွေ ပွင့်ထွက်ကုန်ပြီး အမိုးတွေ ပြိုကျပျက်စီးခဲ့ရသလို၊ အပျက်အစီးတွေနဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေဟာလည်း အုတ်ပုံတွေကြားထဲ ပျံ့ကြဲ နေခဲ့ပါတယ်။
တချို့ဒေသခံတွေကတော့ ပျက်စီးသွားတာတွေကို ရှင်းလင်းပြီး ပြန်လည်တည်ဆောက်ရေးတွေ စတင် လုပ်ဆောင်နေကြပါပြီ။
အနီးနားက ဆိုင်တဆိုင်လည်း ပျက်စီးသွားခဲ့ပြီး ထိခိုက်သွားတဲ့ အဆောက်အအုံတွေထဲမှာ RPG လို့ ယူဆရတဲ့ လက်နက်အပိုင်းအစတွေကို တွေ့မြင်ခဲ့ရပါတယ်။
ဇွန် ၄ ရက် ညပိုင်းမှာစပြီး သောကြာနေ့အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မြို့တွင်း နေရာ အချို့မှာ သေနတ်သံတွေနဲ့ ပေါက်ကွဲသံတွေ အကျယ်ကြီး ထွက်ပေါ်ခဲ့ပြီး လမ်းမတွေပေါ်မှာ လူသူ တိတ်ဆိတ်သွားခဲ့ပါတယ်။
လတ်တလောမှာ အခြေအနေကို ထိန်းသိမ်းဖို့ မြို့အနှံ့မှာ စစ်တပ်က လုံခြုံရေး ယူထားပြီး ပြည်သူ တွေက စိုးရိမ်တကြီး စောင့်ကြည့်နေကြပါတယ်။
လက်ရှိမှာ အစိုးရနဲ့ အတိုက်အခံအကြား နိုင်ငံရေးအကျပ်အတည်းမှာ ဆက်လက် တင်းမာနေဆဲ ဖြစ်ပြီး ကြားညပ်နေရတဲ့ အရပ်သားပြည်သူတွေကြား နိုင်ငံမတည်ငြိမ်မှုတွေ ထပ်မံ ဖြစ်ပွားလာမှာ ကို စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။
သမ္မတ ဟတ်ဆန် ရှိတ်ခ်မိုဟာမဒ်ရဲ့ ၄ နှစ်သက်တမ်းဟာ မေ ၁၅ ရက်မှာ ကုန်ဆုံးခဲ့ပြီ ဖြစ်ပေမဲ့ လွှတ်တော်က အတည်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တွေအရ လူတိုင်းဆန္ဒမဲ ပေးနိုင်တဲ့စနစ်ကို ကူးပြောင်းနိုင်ဖို့အတွက် သူရဲ့ သက်တမ်းကို ၂၀၂၇ ခုနှစ် မေလအထိ တိုးမြှင့် ထားတယ်လို့ သမ္မတက ပြောပါတယ်။
ဒါပေမဲ့ နိုင်ငံရေးအတိုက်အခံတွေကတော့ သမ္မတဟာ ရာထူးကို အတင်းအဓမ္မ သက်တမ်းတိုး နေတာပဲလို့ စွပ်စွဲကြရာကနေ ထိပ်တိုက်တွေ့မှုတွေ ပေါ်ပေါက်လာတာပါ။
Source:Reuters











