DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် စာရင်းကောက်ထားသည့် ကျန်းမာရေးဝန်ထမ်း ၁ သိန်း ကျော်ရှိ
DVB
·
December 16, 2020
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် စာရင်းကောက်ထားသည့် ကျန်းမာရေးဝန်ထမ်း ၁ သိန်း ကျော်ရှိ
Donate to DVB

မြန်မာနိုင်ငံမှာ  ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိပါက ဦးစားပေးထိုးနှံပေးနိုင်ဖို့ စာရင်း ကောက်ယူထားတဲ့ ကျန်းမာရေးဝန်ထမ်းဦးရေ တစ်သိန်းကျော်လောက် ရှိနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သိရပါတယ်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းတွေ အသိအမှတ်ပြုထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ပေါ်ထွက်လာရင် ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်း မြန်မာနိုင်ငံရဲ့ လူဦးရေ ၂၀ ရာခိုင်နှုန်းကို ထိုးနှံပေးသွားဖို့ စီစဉ်နေပါတယ်။  

ဒီထဲ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရရှိရင်  ကျန်းမာရေးဝန်ထမ်းတွေနဲ့ သက်ကြီးရွယ်အို တွေကို ဦးစားပေးထိုးနှံပေးဖို့ စီစဉ်နေတာပါ။

ပြီးခဲ့တဲ့အပတ်က စတင်ပြီး ကိုဗစ်-၁၉  ကာကွယ်ဆေး ထိုးနှံပေးမယ့် ကျန်းမာရေးဝန်ထမ်း အရေအတွက် စာရင်းကောက်ယူထားတယ်လို့ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောပါတယ်။ 

လက်ရှိမှာ ကာကွယ်ဆေးထိုးနှံပေးဖို့  ရန်ကုန်တိုင်းထဲ ကျန်းမာရေးဝန်ထမ်းတွေ အားလုံး စာရင်းကောက်ယူထားပြီး  စေတနာဝန်ထမ်းနဲ့ လူမှုဝန်ထမ်းအဖွဲ့တွေကိုလည်း ထပ်မံစာရင်းကောက်ယူဖို့ စီစဉ်နေတယ်လို့ ဒေါက်တာခင်ခင်ကြီး က ပြောပါတယ်။ 

မြန်မာနိုင်ငံအတွက်  COVAX  အစီအစဉ်ကနေ  ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိဖို့ ဆွစ်ဇာလန်အခြေစိုက် Gavi၊ The vaccine၊ Alliance အဖွဲ့ ကို  ဒီဇင်ဘာ ၇ ရက်နေ့က အဆိုပြုလွှာပေးပို့ထားတယ်လို့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးရာမှာ ဘယ်သူ့ကိုမှ မချန်ဘဲ တစ်တိုင်းပြည်လုံးကို ထိုးပေးမှာဖြစ်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၁၅ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း   ၁၁၀,၆၆၇ ယောက်၊ သေဆုံးသူ ၂,၃၁၉   ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၈၉,၄၁၈ ယောက်ရှိပြီဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကုသရေးစင်တာတွေမှာ ဆောင်ရွက်နေကြတဲ့   ဆရာဝန်၊ သူနာပြုနဲ့ ကျန်းမာရေး ဝန်ထမ်းအယောက် ၁,၀၀၀ ကျော်လောက်လည်း ကိုဗစ်-၁၉ ရောဂါစက်ခံနေရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန သတင်းအချက်အလက်အရ သိရပါတယ်။ 

သတင်း - နန့်ခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013