DVB Logo
Home
Lead Story
တက္ကသိုလ်ရာပြည့် ဆဲဗင်းဇူလိုင် ပန်းချီဦးနန်းဝေ (ဆောင်းပါး)
DVB
·
December 14, 2020
တက္ကသိုလ်ရာပြည့် ဆဲဗင်းဇူလိုင် ပန်းချီဦးနန်းဝေ (ဆောင်းပါး)
1 / 5
Donate to DVB

“ တက္ကသိုလ်ဆီ ပန်းချီနန်းဝေ အို တစ္ဆေ”

ထောင့်ကိုးရာခြောက်ဆယ့်နှစ်

တက္ကသိုလ်ဆီ၊ ပန်းချီပြခန်း၊

ကန့်ကော်တန်းနှင့် ပန်းချီနန်းဝေ၊

ကျောင်းတစ္ဆေပင်၊ သစ်ပုပ်ပင်နှင့်

ရေပြင်အင်းယျား၊ ကျောင်းတလွှားတွင်

ပန်းချီပင်များ၊ စိုက်ပျိုးခဲ့သူ

ကျောင်းသားယူနီယံ၊ သူ့ဗိမာန်တွင်

သူ့ရင်စိုက်ထား၊ ပန်းချီကားများ

ဗုံးသံကြား၌၊ ပျောက်သွားခိုက်တွင်

ကြမ္မာငင်ခြင်း၊ ဆဲဗင်းဂျူလိုင်

မျက်ရည်ဖြိုင်ခဲ့၊ မမေ့တဲ့နိုင်

သက်ဆုံးတိုင်ပင်၊ သူ့ရင်ဆူကာ

တသက်လျာလုံး၊ ကြိမ်မီးအုံးသာ

ဆရာနန်းဝေ၊ ကွယ်လွန်လေခဲ့

တဆယ်နှစ်နှစ်ရှိပါပြီ။ ။ 

မြန်မာ့ ပန်းချီလောကရဲ့ ဆီဆေးပန်းချီဆရာကြီး ဦးနန်းဝေဟာ ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်က ကွယ်လွန်သွားခဲ့တာ အခုဆိုရင် ၁၂ နှစ် ရှိပါပြီ။ ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲကြီး ဝှဲချီး ကျင်းပနေချိန်မှာ တက္ကသိုလ်ရဲ့ အသည်းနှလုံး ကျောင်းသားသမဂ္ဂအဆောက်အဦကြီးကို ဗုံးခွဲပြီး အုတ်ပုံဖြစ်အောင် ဖျက်ဆီးခဲ့တဲ့ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၈ ရက်ဟာ မမေ့နိုင်စရာပါ။

ရာပြည့်ကာလမှာ တက္ကသိုလ်ထဲ ဖြစ်ပျက်ခဲ့တဲ့ ဇူလိုင် ၇ ရက် အရေးတော်ပုံကြီးမှာ ကျောင်းသား ၁၀၀ ကျော် သေခဲ့ရတာနဲ့အတူ တကသ အဆောက်ဦနဲ့တွဲလျက် ပျက်စီးသွားရတဲ့ ပန်းချီကျော် လက်ရာ ပန်းချီကား ၅၀ ကျော်ရဲ့ သမိုင်းကလည်း သတိရစရာပေါ့။ ဒီပန်းချီကားတွေ ပျက်စီးသွားတဲ့နောက် ပန်းချီဆရာကြီး ဦးနန်းဝေဟာ ဝမ်းနည်းလွန်းတာကြောင့် ၁၀ နှစ်ကာလ နီးပါး ပန်းချီမဆွဲဘဲ နေခဲ့ပါတယ်။

ပန်းချီဆရာဟာ သူ့ပန်းချီကားကို ဘယ်လောက်တန်ဖိုးထားသလဲဆိုတဲ့ သမိုင်းကို ပြန်ပြောရရင်တော့ ၁၉၆၂ ခုနှစ် ဇူလိုင် ၈ ရက် မနက် ရန်ကုန်တက္ကသိုလ် တကသ အဆောက်အဦကြီးကို မဆလတပ်က ပေါက်ကွဲအားပြင်းထန်တဲ့ မိုင်းတွေကပ်ပြီး ခွဲဖောက်ပစ်ခါနီး အနီးအနားက လူတွေကို ဝေးရာ ရှောင်ခိုင်းသတဲ့။ အဲဒီမှာ တကသ လက်ဖက်ရည်ဆိုင်မှာ ပန်းချီဆရာကြီး ဦးနန်းဝေဟာ လက်ဖက်ရည်ဆိုင် ရောင်းရငွေထည့်ထားတဲ့ ကျွန်းပိုက်ဆံပုံးကြီးက တဖက်၊ သူ ရေးဆွဲထားတဲ့ ပန်းချီကားကြီးက တဖက် ဘယ်ဟာယူပြီး ထွက်ပြေးရမှန်းမသိ ဝေခွဲမရဘူးတဲ့။ ပန်းချီကားကြီး ကိုင် မ ပြီး ထွက်ပြေးသွားရင်လည်း ပိုက်ဆံသေတ္တာကြီး ပိုက်ဆံတွေများစွာနဲ့ ဖောက်ခွဲတဲ့အထဲ ပါသွားမယ်ဗျာ။ ပန်းချီကားကြီးကိုင်ပြီး ထွက်ပြေးပြန်ရင်တော့ ပိုက်ဆံပုံးကြီး ဆုံးရှုံးမယ်။ ချီတုံချတုံ၊ ဝေခွဲမရတော့ဘူးပေါ့။

စစ်သားတွေကလည်း အော်ပြောနေပြီ။ အရေးပေါ်အမြန် ထွက်သွားတော့ဟေ့။ 

နောက်ဆုံးတော့… နောက်ဆုံးတော့ သူ့ရဲ့လက်ရာ ပန်းချီကားကြီးကို မပြီး ထွက်ပြေးသွားတော့တယ်။ ဒီပန်းချီကားကြီးဟာ သူ အနှစ်သက်ဆုံး၊ ပြိုင်ပွဲမှာ အဲ့သည်ခေတ် ငွေကျပ် ဒင်္ဂါး ၃၀၀၀ ဆုရ ပန်းချီကားကြီးပေါ့။ ၁၉၆၂ ခုနှစ်၊ တကသအဆောက်အဦ ဗုံးခွဲခံရချိန် ဆရာဦးနန်းဝေရဲ့ တခြားပန်းချီကားတွေ အများအပြား ပါဝင်သွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် ဆရာကြီးဟာ ပန်းချီရေးတာကို ၁၀ နှစ်နီးပါး နားနေခဲ့တဲ့အထိ စိတ်ထိခိုက်ခဲ့ပါတယ်။ ပန်းချီဆရာရဲ့ သူ့ပန်းချီကားအပေါ် တန်ဖိုးထားမှုဟာ အခုထက်တောင် ပိုမိုများပြား ကြီးမားနေဦးမှာပါလေ။  

ဒီအကြောင်းကို တကသ ဒုဥက္ကဋ္ဌဟောင်း ရန်ကြီးအောင်ဦးစိန်ဝင်းက ကျနော့်ကို ပြန်ပြောပြခဲ့ဖူးတာပါ။  

“ကိုနန်းဝေက အသက် ၇၀ ကျော်မှာ ပန်းချီမဆွဲတော့ပါဘူး။ သူ့ပန်းချီကားတွေ စစ်ဗိုလ်တွေ လက်ချက်နဲ့ တကသ အဆောက်အဦထဲမှာ ပါသွားကတည်းက စိတ်ထိခိုက်သွားတယ်။ မဆွဲတော့ဘူး။ သူ့တပည့်တွေက သူ့ကားတွေကို ငှားပြီး ပြခန်းတွေမှာ တင်ပြလေ့ရှိပေမယ့် မရောင်းပါဘူး” လို့ ဆရာမောင်စွမ်းရည်ကလည်း မိုးမခဆောင်းပါးမှာ ရေးခဲ့ဖူးပါတယ်။

“ပန်းချီနန်းဝေ ဆိုတာ”

ဆီဆေး ပန်းချီဆရာကြီး ဦးနန်းဝေကို ၁၂၉၅ ခု၊ နတ်တော်လဆန်း ၇ ရက်၊ မွန်းလွဲ ၁ နာရီမှာ ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် မြို့လှရွာမှာ အဖ ဦးသွင်၊ အမိ ဒေါ်သန်းတို့က မွေးဖွားခဲ့တယ်။ မွေးချင်း ၄ ယောက်အနက် အကြီးဆုံးသားပါ။ ပန်းချီပညာကို ငယ်ငယ်ကတည်းက ဝါသနာပါပြီး အထက်တန်းကျောင်း (ခရမ်း) က ပန်းချီဆရာပု (ခေါ်) ပန်းချီနည်းပြ ဦးဘလှိုင် အကူအညီနဲ့ ရန်ကုန် ပန်းချီကျောင်း ကျောင်းအုပ်ဆရာ ဦးမောင်မောင်ရီဆီမှာ ပန်းချီပညာသင်တယ်။ အထက်တန်း ကျောင်းသားဘဝ ပန်းချီပြိုင်ပွဲတွေမှာ ၃ နှစ် ဆက်တိုက်ဆုရတယ်။ 

ဒုတိယကမ္ဘာစစ်ကာလတဝိုက် ပန်းချီဆရာကြီး ဦးဘဉာဏ်ဟာ  မြင်ဆရာ ဖြစ်ခဲ့တယ်။ တခြား မြင်ဆရာတွေက ပန်းချီ ဦးဘကြည်နဲ့ ပန်းချီ ဦးဘရင်လေးတို့ ဖြစ်ကြတယ်။ ဆရာနန်းဝေဟာ  အောက်ဒိုးထွက် ရေးဆွဲတာ နှစ်သက်တယ်။

တက္ကသိုလ် မြန်မာစာ သုတေသနဌာန ဆရာဖြစ်ခဲ့တယ်။ အင်းလျားကန်နဲ့ တက္ကသိုလ်တဝိုက် မြင်ကွင်းတွေကို ပန်းချီရေးဆွဲလေ့ရှိရာက သူ့ကိုယ်သူ 'အင်းလျားနဲ့ ပန်းချီဆရာ ဖြစ်လာတာ' ဟု ပြောလေ့ရှိတယ်။ ၁၉၅၂ ခုနှစ် ပထမဦးဆုံး တကိုယ်တော်ပြပွဲကို ရန်ကုန်မှာ လုပ်ခဲ့ပြီး အုပ်စုလိုက် ပြပွဲတွေမှာလည်း နှစ်နှစ် တကြိမ်လောက် ပြသနိုင်ခဲ့တယ်။ 

သူဟာ ၁၉၆၅ ခုနှစ် စက်တင်ဘာလ ၁၅ ရက်ကစ  ရန်ကုန်တက္ကသိုလ်ဘာသာပြန်ဌာနနဲ့  စာအုပ်ထုတ်ဝေရေးတို့မှာ ပန်းချီဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ ဆရာ့ ပန်းချီကားတွေမှာ အနီရောင်ကဲတဲ့ အသွေးကို တွေ့ရလေ့ရှိပြီး မြန်မာမှု ကောက်ကြောင်းပန်းချီကိုလည်း နိုင်နင်းသူ ဖြစ်တယ်။ တက္ကသိုလ်ပရဝဏ်မှာ ပန်းချီပြပွဲတွေ၊ ပန်းချီအင်အားစုတွေ ပေါ်ထွက်လာစေဖို့ အတော်လေး လုပ်ခဲ့သူဖြစ်တယ်။ 

၁၉၆၂ ခုနှစ်၊ တကသအဆောက်အဦ ဗုံးခွဲခံရချိန် ဆရာ့ရဲ့ ပန်းချီကားတွေ အများအပြား ပါဝင်သွားခဲ့တယ်။ ဒါကြောင့် ဆရာနန်းဝေဟာ ပန်းချီရေးတာကို ကာလတခုအထိ ရပ်ထားခဲ့တယ်။ စာရေးဆရာအောင်ပြည့်ရဲ့ 'ပြိုမှာလေလား မိုးရဲ့' လုံးချင်းဝတ္ထုဟာ ဆရာဦးနန်းဝေရဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂဘဝ ဖြတ်သန်းမှု တစိတ်တဒေသကို ရေးဖွဲ့ခဲ့တာလို့ ဆိုကြတယ်။ ဆီဆေး ပိုင်ပိုင်နိုင်နိုင်နဲ့ ရှုမျှော်ခင်း ပန်းချီကားတွေကို ရေးဆွဲနိုင်ခဲ့သလို ဆရာကြီး ဦးဖေမောင်တင်၊ ဆရာ မင်းသုဝဏ် စသူတွေရဲ့ ပုံတူ ပန်းချီကားတွေကိုလည်း ရေးဆွဲခဲ့တယ်။

ဦးနန်းဝေ (၈၃ နှစ်) ဟာ ၂၀၀၈ ခု၊ ဒီဇင်ဘာ ၁၈ ရက် ကြာသပတေးနေ့ ညနေ ၃:၂၅ နာရီမှာ အမှတ် ၁၂၊ စံရိပ်ငြိမ် ၅ လမ်းရှိ ညီမဖြစ်သူ ဒေါက်တာ ဒေါ်မြင့်မြင့်ခင် အိမ်မှာ ကွယ်လွန်ခဲ့တယ်။ ဆရာဟာ ခရမ်းမြို့ကနေ ညီမဖြစ်သူဆီ ဆေးလာကုရင်း ကွယ်လွန်ခဲ့တာပါ။ 

ကွယ်လွန်ချိန်အထိ တကိုယ်ရေ လူပျိုကြီးဘဝနဲ့ အနုပညာကို ဖက်တွယ်ရင်း နေထိုင်ခဲ့သူ ဖြစ်တယ်။



 

 

“မင်းသုဝဏ် နဲ့ ဦးနန်းဝေ”

ကဗျာဆရာကြီး မင်းသုဝဏ်ဟာ ပန်းချီဦးနန်းဝေရဲ့ ပန်းချီပညာစွမ်းကိုလည်း လေးစားသူပါ။ ဆရာကြီးရဲ့ ချစ်ရတဲ့ ပန်းချီဆရာတွေထဲမှာ ပန်းချီဦးဘကြည်ရဲ့ တပည့်ဖြစ်သူ ပန်းချီဦးနန်းဝေလည်း ပါပါတယ်။ 

ဆဲဗင်းဇူလိုင် သွေးမြေကျ အရေးအခင်း နောက်ပိုင်း ပန်းချီမဆွဲတော့တဲ့ ဦးနန်းဝေကို ရန်ကုန်တက္ကသိုလ် ရွှေရတုကာလမှာ ပန်းချီပြန်ဆွဲဖို့ မင်းသုဝဏ်က တိုက်တွန်းခဲ့တာပါ။ ဦးနန်းဝေက ဘွဲ့ဝတ်စုံနဲ့ ဆရာကြီးမင်းသုဝဏ်ပုံကို ရေးဆွဲပေးခဲ့ပါတယ်။ ဆရာကြီး မင်းသုဝဏ်က ပန်းချီဦးနန်းဝေ ၇၅ နှစ်မွေးနေ့ ကဗျာလက်ဆောင် ပြန်ရေးပေးခဲ့တယ်။  

“ဦးနန်းဝေမွေးနေ့သို့”

ဦးနန်းဝေ၊ ဦးနန်းဝေ

ပန်းချီဆရာကြီး ဦးနန်းဝေ

ဦးနန်းဝေ၏ ပန်းချီကား

ဟိုမှာ ဒီမှာ ရှိသည်ဗျား။

သူကားတွေက အမြဲလေ

စိတ်ကိုအေးမြစေ

အေးချမ်းစေသည့် ပန်းချီကား

ဦးနန်းဝေ၏ ပန်းချီကား

သာဓုခေါ်ကြပါသည်ဗျား။

ဦးနန်းဝေလည်း ထိုအလား

အေးမြပါစေဗျား။ ။

(မင်းသုဝဏ်၊ ၆-၁-၂၀၀၁)

စာရေးဆရာအောင်ပြည့်ရဲ့ 'ပြိုမှာလေလား မိုးရဲ့' လုံးချင်းဝတ္ထုဟာ ဦးနန်းဝေရဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဘဝ ဖြတ်သန်းမှု တစိတ်တဒေသကို ရေးဖွဲ့ခဲ့တာလို့ ဆိုကြပါတယ်။ ကဗျာဆရာကြီး ဇော်ဂျီကလည်း ပန်းချီဦးနန်းဝေဟာ “သေရင် တက္ကသိုလ်မှာ တစ္ဆေဖြစ်မယ့်ကောင်” လို့ ပြောခဲ့ဖူးပါသတဲ့။ 

ပန်းချီစံမင်းက ဆရာနန်း (A Man Called Nann Waii) ဆိုတဲ့ ဦးနန်းဝေအကြောင်း လုံးချင်းစာအုပ်ကို စိတ်ကူးချိုချိုက ထုတ်ဝေထားတာလဲ ရှိပါတယ်။ ကွယ်လွန်သူ မြန်မာပန်းချီကျော် ဆရာဦးနန်းဝေအကြောင်း တပည့်တဦး မှတ်တမ်းပါ။ ကဗျာနဲ့ ဂုဏ်ပြုကျသူတွေလည်း ရှိပါရဲ့။ ဆရာကြီး မင်းသုဝဏ်က ပန်းချီနန်းဝေ မွေးနေ့ကဗျာ ရေးခဲ့သလို ကဗျာဆရာ တင်မင်းထက်ကလည်း ကဗျာတပုဒ်ရေးစပ်ခဲ့ပါတယ်။



“ပန်းချီဆရာ”

"ဒီလူသေရင်

တက္ကသိုလ်မှာ တစ္ဆေဖြစ်မယ့်လူ" ... တဲ့။

ဒုတိယကမ္ဘာစစ်မီးက

မဖျက်ဆီးနိုင်ခဲ့တဲ့

ကျောင်းရဲ့အလှကို

ပြည် နဲ့ တကောင်းကြားက

တဲတန်းလျားစာသင်ခန်းမှာ

စပြီးငြိခဲ့တယ် ဆိုပါစို့။

တက္ကသိုလ်မြေ တနေရာရာမှာ

ပန်းချီဆွဲနေတဲ့ သူဟာ

ကျောင်းရဲ့ အနုပညာသင်္ကေတ

သူမြင်သမျှ သူခံစားသမျှဟာလည်း

ကျောင်းရဲ့အရိပ်

ကျောင်းရဲ့နမိတ်တွေသာဖြစ်တယ်။

၁၉၆၂

သမဂ္ဂ အဖြိုခံရတော့

တက္ကသိုလ်လည်းနေညို

သူ့ပန်းချီခန်းလည်းပြိုခဲ့တယ်။

ကျောင်းကိုချစ်တဲ့စိတ်ကတော့

မိုးမတိတ်ခဲ့ပါဘူး

အဓိပတိလမ်းတနေရာရာ

ကံ့ကော်ပင်တန်းတနေရာရာ

ပန်းချီဒေါက်တိုင် ထောင်ထားဆဲပါ။

၁၉၇ဝ

တက္ကသိုလ်ရွှေရတုသဘင်

ပန်းချီပြပွဲတင်တော့

သစ်ပုတ်ပင် နဲ့ ပုဂံလမ်း

ဆေး ၁ နဲ့ စိန်ပန်းတွေ

ချစ်ခြင်းတို့ဝေခဲ့တယ်။

၁၉၇၄

ဦးသန့်အရေးအခင်း

သွေးချင်းချင်းတက္ကသိုလ်

သူ ... ငိုခဲ့လေသလား။

တက္ကသိုလ်နေဝင်တော့

သူ့ရင်မှာ ပန်းချီသုဉ်း

ဖုန်းဆိုးမြစ် ဖြစ်ခဲ့တယ်။

သူချစ်တဲ့စုတ်တံတွေကို

အင်းလျားမှာ ရေချခဲ့လေသလား

စကားပင်ခြေမှာ မြုတ်နှံခဲ့လေသလား

နှစ်များစွာလွန်ခဲ့ပြီ။

၁၉၈၈ ...

၁၉၉၁ ...

၁၉၉၆ ...

တက္ကသိုလ်ညနက်နက်တွေကို

သူဘယ်လို ခံစားရလေမလဲ

ဒီမြေမှာ ပန်းချီမရှိတော့။

မျှော်လင့်နေဆဲ ယုံကြည်ဆဲလေ ...

တက္ကသိုလ်မြေ တမိုးသောက်ရမယ်

အလှတရားတို့ ပြန်ရောက်လာရမယ်

တက္ကသိုလ်ရဲ့ တနေရာရာမှာ

ပန်းချီဆရာ ဦးနန်းဝေကို

ပြန်တွေ့ရ ပေလိမ့်မည်။ ။ တင်မင်းထက် ၂၃.ဝ၂.၁ဝ ကဗျာကို Tin Min Htet မှရသည်။

(အောင်မြင့် နဲ့ အောင်မင်း ရဲ့ "မြန်မာ ခေတ်ပြိုင်အနုပညာ ၁" စာအုပ်ကို ကိုးကားသည်။

"ဒီလူသေရင် တက္ကသိုလ်မှာ တစ္ဆေဖြစ်မယ့်လူ" ဆိုတာ ဆရာဇော်ဂျီ ပြောခဲ့တာပါ။)

၂၀၂၀ ပြည့် ဒီဇင်ဘာ ၁၈ ရက်ကတော့ တက္ကသိုလ်ပန်းချီဆရာကြီး ဦးနန်းဝေ ကွယ်လွန်ခဲ့တဲ့ ၁၂ နှစ်မြောက်နေ့ရက်ပါ။ ဒီနေ့ဒီရက်တွေမှာ သမိုင်းဝင် ရန်ကုန်တက္ကသိုလ်ကြီး နှစ် ၁၀၀ ပြည့်နဲ့လဲ တည့်တည့်တိုးနေပါတယ်။ ရာပြည့်ပွဲကို ဂုဏ်ပြုနေကြသလို တက္ကသိုလ်ရဲ့ သမိုင်းဝင် 7 July အရေးတော်ပုံ ကျောင်းသား သူရဲကောင်းတွေကို သတိရ ဂုဏ်ပြုကြရမယ့် အချိန်ပါ။ ပြီးတော့ စစ်အုပ်စု ဗုံးခွဲ ဖျက်ဖြိုထားခဲ့တဲ့ တကသ ယူနီယံ ကျောင်းသားသမဂ္ဂအဆောက်အဦကြီးကိုလည်း ပြန်ဆောက်ကြရတော့မှာပါ။ (လုပ်ကြပါတော့)။

အလားတူ တကသအဆောက်အဦကြီးရဲ့ ပန်းချီခန်းမပိုင် ပန်းချီဆရာကြီးလည်း ဖြစ်တဲ့ သမိုင်းဝင် တက္ကသိုလ်ပုံရိပ်တွေကို ရေးဆွဲ မှတ်တမ်းပြုစုခဲ့သူ ပန်းချီဆရာကြီး ဦးနန်းဝေကိုလည်း သတိရ ဂုဏ်ပြုရမယ့် အချိန်ပါဗျာ ။ ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013