DVB Logo
Home
မြန်မာသတင်း
အမည်းစက်ထင်ကျန်နေဆဲ စစ်အာဏာရှင်သမိုင်းအမွေဆိုး ဆဲဗင်းဇူလိုင်
DVB
·
July 7, 2025
အမည်းစက်ထင်ကျန်နေဆဲ စစ်အာဏာရှင်သမိုင်းအမွေဆိုး ဆဲဗင်းဇူလိုင်
Donate to DVB

မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် ကျောင်းသားတွေကို  ဖိနှိပ်ချုပ်ချယ်ခဲ့တဲ့ စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်တွေက နှစ်ပေါင်း ၆၀ ကျော်အောင် ဆက်လက်ရှိနေဆဲဖြစ်သလို ဆဲဗင်းဇူလိုင်သမိုင်းက ဆိုရင်လည်း စစ်အာဏာရှင်တွေရဲ့ အမည်းစက်ထင်ကျန်နေတဲ့ သမိုင်းအမွေဆိုးဖြစ်တယ်လို့  နိုင်ငံရေးလှုပ်ရှားသူတွေက ပြောပါတယ်။

၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း စစ်တပ်ရဲ့ မတရားအာဏာသိမ်းမှုနဲ့ တင်းကျပ်တဲ့ ကျောင်းအဆောင်စည်းကမ်းတွေ ထုတ်ခဲ့မှုတွေကြောင့် ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတွေ ရာချီကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ ဆဲဗင်းဇူလိုင်သမိုင်းက ၂၀၂၅ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ဆို ၆၃ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

ခေတ်အဆက်ဆက်က စစ်အာဏာရှင်တွေက နှစ်ပေါင်း ၆၀ ကျော်တဲ့တိုင်အောင် ကျောင်းသားတွေကို အငြိုးတကြီးနဲ့ ဖိနှိပ်ခဲ့တာဟာဆိုရင် ဗိုလ်ချုပ်ကြီးနေဝင်း မျိုးစေ့ချပေးခဲ့တဲ့ သမိုင်းအမွေဆိုးဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) ရဲ့ သတင်းနှင့် ပြန်ကြားရေးကော်မတီရဲ့ တာဝန်ရှိသူ မခင်နီက ပြောပါတယ်။

“ဆဲဗင်းဇူလိုင်က ကျောင်းသားတွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ပုံရိပ်ပဲ တော်လှန်ရေးရဲ့ ပြယုဂ်ဖြစ်တယ်။ ဒီ ဆဲဗင်းဇူလိုင် ကျောင်းသားတွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြယုဂ်ဖြစ်သလို တဖက်က စစ်အာဏာရှင်တွေရဲ့ သမိုင်းကြောင်း အမည်းစက်ထင်ကျန်ခဲ့တဲ့ သမိုင်းအမွေဆိုးကြီးပဲ။ ဒီဆဲဗင်းဇူလိုင်မှာ စလိုက်တဲ့ ကျောင်းသားတွေကို ရက်ရက်စက်စက် သတ်ဖြတ်တဲ့ပုံစံက ခေတ်ကာလတွေ ဘယ်လောက်ပဲပြောင်းးသွားပြောင်းသွား၊ ဘယ်လိုမှ လျော့ကျသွားတာမရှိဘူး၊ ပိုပိုဆိုးလာတာပဲရှိတယ်။ ၆၂ ခုနှစ်ကျော်ပြီးတော့ ၇၄၊ ၇၅၊ ၇၆၊ ၈၈ နဲ့ ၈၈ နောက်ပိုင်းကာလတွေ လက်ရှိ ဗိုလ်မင်းအောင်လှိုင်ရဲ့ စစ်အာဏာသိမ်းတဲ့ ကာလတွေအထိကို ကျောင်းသားတွေက ရက်ရက်စက်စက် သတ်ဖြတ်ခံရတယ်၊ ဖိနှိပ်ခံရတယ်၊ ထောင်သွင်းအကျဉ်းချခံရတယ်။ ဒါက ဗိုလ်နေဝင်းရဲ့ မျိုးစေ့ချပေးခဲ့တဲ့ သမိုင်းအမွေဆိုးပဲ။”

ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ စစ်အစိုးရက ဆန့်ကျင်မှုမှာ ပါဝင်တဲ့ ကျောင်းသား ရာကျော်ကို ဇူလိုင် ၇ ရက်ညမှာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သလို ဇူလိုင် ၈ ရက် မနက်မှာတော့ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းက သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံကိုလည်း ဗုံးခွဲဖြိုဖျက်ခဲ့ပါသေးတယ်။

၂၀၂၁ ခုနှစ် အာဏာမသိမ်းခင် ကာလတွေတုန်းကတော့ ပြည်တွင်းက နေရာအနှံ့အပြားမှာ ဆဲဗင်းဇူလိုင် အထိမ်းအမှတ်ပွဲတွေ ပြုလုပ်လေ့ရှိပေမဲ့  ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာတော့ ပြည်တွင်းမှာ လုံခြုံရေးအာမခံချက် မရှိတဲ့အတွက် ပြည်ပနိုင်ငံတွေနဲ့ လွတ်မြောက်နယ်မြေတွေမှာပဲ ပိုမိုအားထည့် ပြုလုပ်ခဲ့ကြပါတယ်။

၂၀၂၅ ခုနှစ် ဆဲဗင်းဇူလိုင် အထိမ်းအမှတ်အဖြစ် ဆန္ဒထုတ်ဖော်ပွဲကိုတော့ တောင်ကိုရီးယားနိုင်ငံက မြန်မာ့ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC)၊ Busan Network၊ RAM အဖွဲ့အစည်းတွေက ဦးဆောင်ကာ ပြုလုပ်ခဲ့ကြပါတယ်။

ဖိနှိပ်ခံထားရဆဲ ပြည်တွင်းက တော်လှန်ပြည်သူတွေနဲ့ တသားတည်းဖြစ်ကြောင်းကို ပြသတဲ့အနေနဲ့ ပြုလုပ်တာဖြစ်ကြောင်း MFDMC ရဲ့ အတွင်းရေးမှူး ကိုကျော်ဆန်းက DVB ကို ပြောပါတယ်။

“ကျနော်တို့ ကျောင်းသားသမဂ္ဂ အဆောက်အဦကိုပဲ ဖြိုဖျက်လို့ရမယ်။ ကျနော်တို့ရင်ထဲက ကျောင်းသားသမဂ္ဂစိတ်ဓာတ်ကို ဖြိုဖျက်လို့မရဘူး။ ကျနော်တို့ တော်လှန်စိတ်တွေကို ဘယ်လိုပဲ ဖိနှိပ်မှုတွေ ပြုလုပ်ပါစေ သူတို့အနေနဲ့ ဘယ်လိုမှ ဖိနှိပ်လို့ရမှာမဟုတ်ဘူးဆိုတဲ့ message ကို ပေးချင်တာ ဖြစ်တယ်။ ကျနော်တို့ ဆဲဗင်းဇူလိုင်မှာ ကျဆုံးခဲ့တဲ့ သူရဲကောင်းတွေကို အစဉ်အမြဲ သတိရ အောက်မေ့နေတယ်။ ပြီးတော့ သမဂ္ဂစိတ်ဓာတ်ကို ယူဆောင်ပြီးတော့ ကျနော်တို့ တော်လှန်ရေးဝိညာဉ် ယူဆောင်ပြီးတော့ ရှေ့ကို တစိုက်မတ်မတ်နဲ့ သွားနေတယ်။ ခုချိန်ထိ သွေးမအေးသေးဘူး။ စစ်အာဏာရှင်စနစ်ကို ကျနော်တို့ အမြဲတမ်း တွန်းလှန်နေကြတယ်။ အမြဲတမ်း အောက်မေ့သတိရနေကြတယ်။ ကျည်လွတ်ရာမှာ နေပေမဲ့ ပြည်ပမှာရောက်ရှိနေပေမဲ့ ကျနော်တို့ ဘယ်လိုမှ သွေးမအေးကြောင်း ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုနဲ့အတူ ပြည်ပမှာ ရှိနေတဲ့ မြန်မာဒီမိုကရေစီအင်အားစုတွေ၊ တသွေးတည်း တသားတည်း ဖြစ်တယ်ဆိုတာကို ဖော်ပြချင်တဲ့အတွက် ဖြစ်ပါတယ်။”

၂၀၂၅ ခုနှစ် ဆဲဗင်းဇူလိုင် ၆၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဆန္ဒထုတ်ဖော်တာတွေကို ပြည်တွင်းက လွတ်မြောက်နယ်မြေတွေ၊ တော်လှန်ရေးနယ်မြေတွေနဲ့ တောင်ကိုရီးယားတွေမှာ ပြုလုပ်ခဲ့ကြသလို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဆိုရင်လည်း မြန်မာကောင်စစ်ဝန်ရုံးရှေ့နဲ့ မြို့ရဲ့ အထင်ကရ နေရာတွေမှာ “Long Live Students Revolution” “ကျောင်းသားထုတော်လှန်ရေး တည်တံ့ပါစေ” ဆိုတဲ့ စာတန်းပါ ဘန်နာ ချိတ်ဆွဲကာ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါသေးတယ်။

ကျောင်းသားတပ်မတော် (ABSDF) ကလည်း ဌာနချုပ် ဒေါင်းတမာန်စခန်းမှာ ဆဲဗင်းဇူလိုင် ကျောင်းသားအရေးတော်ပုံ ၆၃ နှစ်မြောက် အခမ်းအနားကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရကတော့ ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ကို တွန်းလှန်ရင်း အသက်ပေးဆပ်ခဲ့ကြတဲ့ ကျောင်းသားလူငယ်တွေရဲ့ ကြီးမားတဲ့ စွန့်လွှတ် အနစ်နာခံမှုတွေကို အစဉ်အမြဲ အောက်မေ့ဂုဏ်ယူတဲ့အကြောင်း ဒီကနေ့ကျရောက်တဲ့ ဆဲဗင်းဇူလိုင် ၆၃ နှစ်ပြည့် အထိမ်းအမှတ် သဝဏ်လွှာမှာ ပြောကြားလိုက်ပါတယ်။

လက်ရှိဆင်နွှဲနေတဲ့ ပြည်သူ့ နွေဦးတော်လှန်ရေးကြီး အမြန်ဆုံး အောင်ပွဲရစေဖို့ နိုင်ငံတဝန်းရှိ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပိုမိုရင်းနှီးပွင့်လင်းစွာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း NUG က ကတိပြု ပြောကြားလိုက်ပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013