ကိုဗစ်-၁၉ ပိုးတွေ့သူများလာသဖြင့် မန္တလေး သီရိမာလာငါးဈေးကို ယာယီပိတ်
DVB
·
December 10, 2020

ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေ များပြားလာတာကြောင့် မန္တလေးမြို့၊ ကမ်းနားလမ်းပေါ်က သီရိမာလာဈေးကို တစ်ပတ်ကြာအောင် ယာယီ ပိတ်ထားမယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီကနေ သိရပါတယ်။
သီရိမာလာဈေးမှာ ငါးလက်ကားဆိုင်ကြီးတွေ၊ ကုန်စိမ်းနဲ့ ပန်းဈေးသည်တွေ ရှိတာဖြစ်ပြီး ငါးဈေးဘက်က ငါးရောင်းချတဲ့နေရာမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေကို ပိုမိုတွေ့ရှိလာရတာကြောင့် ဒီဇင်ဘာလ ၁၂ ရက်မှ ၁၈ ရက် အထိ ယာယီပိတ်ထားဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
စည်ပင်ကော်မတီဝင် ဦးကျော်ဆန်းမြင့်က "သီရိမာလာဈေး၊ အဲ့ဒီဈေးက ငါးလက်ကားဆိုင်တွေ ရှိတယ်၊ နောက် ကုန်စိမ်းဆိုင်တွေရှိတယ်၊ ပန်းသည်တွေရှိတယ်၊ အဲ့ဒီဈေးကို ကိုဗစ်ကူးစက်တာ နည်းနည်းများနေတာတွေ့လို့ ဈေးအကျိုးဆောင်တွေနဲ့ ကျနော်တို့ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဈေးဌာနနဲ့၊ ၈ ရက်နေ့က အစည်းအဝေးလုပ်ပါတယ်၊ သူတို့ကလည်း ပိတ်လိုတဲ့ ဆန္ဒရှိတယ်၊ ပိတ်လည်း ပိတ်သင့်တယ်လို့ ယူဆတဲ့အတွက်ကြောင့်မို့လို့ တိုင်းဒေသကြီးအစိုးရကို တင်ထားတယ်ပေါ့နော်၊ ပိတ်ဖို့အတွက်ပေါ့နော်၊ ၁၂ ရက်နေ့ကနေ ၁၈ ရက်နေ့ထိ ယာယီပိတ်ပါမယ်" လို့ပြောပါတယ်။
သီရိမာလာဈေးမှာ ပွဲရုံနဲ့ ဈေးဆိုင်ခန်းပေါင်း ၄၇၄ ခန်းရှိပြီး ပျံကျဆိုင်ခန်းပေါင်း ၂၅၀ ခန့်ရှိတယ်လို့ သိရပါတယ်။ ငါးဈေးကို ယာယီပိတ်မှာဖြစ်တာကြောင့် ကုန်ပစ္စည်းရှားပါးတာနဲ့ ကုန်ဈေးနှုန်း မြင့်တက်လာတာ မဖြစ်အောင် ငါးလုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့ မိမိတို့နေအိမ်တွေမှာပဲ ရောင်းချဖို့ ညွှန်ကြားမယ်လို့လည်း ဆိုပါတယ်။
စည်ပင်ကော်မတီဝင် ဦးကျော်ဆန်းမြင့်က"ငါးလက်ကားတွေများတယ်၊ အနယ်နယ် အရပ်ရပ်က ကားတွေလာတယ်၊ နောက်တစ်ခါ အနယ်နယ် အရပ်ရပ်ကိုလည်း ဆက်ပို့ရတယ်၊ အဲ့တော့ ကားတို့ အလုပ်သမားတို့ဆီမှာလည်း တွေ့တာများတယ်။ နောက် ဆိုင်ဝန်ထမ်းတွေလည်း ကူးစက်ပြီးတော့ တွေ့လာရတာများတယ်။ အဲ့ဒါကြောင့် ယာယီအားဖြင့် ပိတ်မယ်၊ ပိတ်တဲ့အခါမှာ ငါးတွေရှားပါးတာ၊ ကုန်ဈေးနှုန်း တက်သွားတာတို့ မဖြစ်အောင်လို့ လက်ကားပွဲရုံတွေက သူတို့ရဲ့ အိမ်ခြံဝန်းတွေ ဘာတွေကနေပြီးတော့ ကုန်တွေကိုချ၊ ချပြီးတော့ သူတို့ရဲ့ဖောက်သည်တွေကို လက်ကားတွေလိုက်ပို့၊ ဈေးတွေကို လိုက်ပြီးပို့ပေးပေါ့" လို့ ပြောပါတယ်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ ငါးဈေးတွေမှာ နှာခေါင်းစည်း မတပ် သူတွေနဲ့ နှာခေါင်းစည်းကို ဖြစ်သလိုတပ်သူတွေကို စစ်ဆေး အရေးယူနေဆဲဖြစ်ပြီး ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ စည်းကမ်းချက်တွေကို လိုက်လံ ကြပ်မတ်နေကြတယ်လို့ ပြောပါတယ်။ အခုနောက်ပိုင်းမှာတော့ နှာခေါင်းစည်းတပ်ဆင်ဖို့ လိုက်နာသူပိုများလာတယ်လို့လည်း သိရပါတယ်။
မန္တလေးမြို့က ကိုဗစ်-၁၉ ပိုးတွေ့လူနာများပြားခဲ့တဲ့ မန်းရတနာဈေးကိုလည်း ပိတ်ထားခဲ့ကာ ရောဂါကူးစက်မှုမရှိအောင် ဆောင်ရွက်ခဲ့ပြီး အခုချိန်မှာတော့ ဈေးပြန်ဖွင့်ခွင့်ပေးထားပါတယ်။
သတင်း- ထိန်ထိန်လင်း