DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် ကိုဗစ်-၁၉ လူနာ ၁ သိန်းကျော်၊ အာရှတွင် ကူးစက်မှုအမြင့်ဆုံးအဆင့် ၂၃ ဖြစ်လာ
DVB
·
December 8, 2020
မြန်မာတွင် ကိုဗစ်-၁၉ လူနာ ၁ သိန်းကျော်၊ အာရှတွင် ကူးစက်မှုအမြင့်ဆုံးအဆင့် ၂၃ ဖြစ်လာ
Donate to DVB

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာတနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း တသိန်းကျော်လာခဲ့ပြီဖြစ်ကာ အာရှဒေသတွင်း ကူးစက်မှုအမြင့်ဆုံးအဆင့် ၂၃ နေရာကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

တကမ္ဘာလုံးမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၆၇ သန်းခွဲကျော်လာခဲ့ပြီဖြစ်ကာ သန်းနဲ့ချီကူးစက်ခံရတဲ့ နိုင်ငံ ၁၄ နိုင်ငံထိ ရှိနေတယ်လို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

အဲဒီနိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့်ဆုံးနိုင်ငံတွေ ဖြစ်ကြတဲ့ အမေရိကန်၊ အိန္ဒိယနဲ့ ဘရာဇီးနိုင်ငံတွေက ကူးစက်ခံရသူအရေအတွက် ၁၅ သန်းကျေိာ်၊ ၉ သန်းကျော်နဲ့ ၆ သန်းကျော်စီ အသီးသီး ရှိနေတာပါ။

အဲဒီနောက်မှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂ သန်းကျော်စီရှိတဲ့ ရုရှားနဲ့ ပြင်သစ်နိုင်ငံ၊ ၁ သန်းကျော်စီ ကူးစက်ခံထားရတဲ့ အီတလီ၊ ယူကေ၊ စပိန်၊ အာဂျင်တီးနား၊ ကိုလံဘီယာ၊ ဂျာမနီ၊ မက္ကဆီကို၊ ပိုလန်နဲ့ အီရန်နိုင်ငံတွေက ရှိနေကြတာ ဖြစ်ပါတယ်။

အာရှဒေသတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ နိုင်ငံ ၄၉ နိုင်ငံထဲမှာတော့ ကူး စက်မှုသန်းနဲ့ချီရှိနေတဲ့ အိန္ဒိယနဲ့ အီရန်အပါအဝင် တူရကီ၊ အင်ဒိုနီးရှားနဲ့ အီရတ်နိုင်ငံ တွေက ကူးစက်မှုအမြင့် ဆုံး ၅ နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။

တူရကီနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၈၂၈,၂၉၅ ယောက်နဲ့ သေဆုံးသူ ၁၄,၉၀၀ ယောက်၊ အင်ဒိုနီးရှားနိုင်ငံမှာ ရောဂါကူးစက်ခံရသူ ၅၈၁,၅၅၀ ယောက်နဲ့ သေ ဆုံးသူ ၁၇,၈၆၇ ယောက်၊ အီရတ်နိုင်ငံမှာ ရောဂါကူးစက်ခံရသူ ၅၆၆,၀၁၅ ယောက်နဲ့ သေဆုံးသူ၁၂,၄၆၀ ယောက် ရှိနေခဲ့တာပါ။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ရောဂါကူး စက်ခံရသူ ၄၇၉,၇၄၃ ယောက်နဲ့ သေဆုံးသူ ၆,၈၇၄ ယောက်နဲ့ အမှတ်စဉ် ၆ နေရာမှာ ရှိနေတာပါ။

အမှတ်စဉ် ၇ နေရာမှာတော့ အာဆီယံဒေသတွင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင် ငံက ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၄၁,၃၉၉ ယောက်၊ သေဆုံးသူ ၈,၅၇၂ ယောက် နဲ့ ရှိနေတာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၆၀,၀၉၈ ယောက်၊ သေဆုံးသူ ၂,၃၁၅ ယောက်နဲ့ အမှတ်စဉ် ၁၅ နေရာမှာ ရှိနေပါတယ်။

မြန်မာနိုင်ငံကတော့ ရောဂါကူးစက်ခံရသူ ၁ သိန်းကျော်၊ သေဆုံးသူ ၂,၀၀၀ ကျော် နဲ့ အမှတ်စဉ် ၂၃ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၇ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၁၀၀,၄၃၁ ယောက်၊ သေဆုံးသူ ၂,၁၃၂ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၇၉,၂၄၀ ယောက်ရှိပြီလို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး အာဆီယံနိုင်ငံ တွေထဲမှာ ကိုဗစ်-၁၉ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

ရောဂါကူးစက်မှု စတင်ရာ မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံမှာတော့ ရောဂါကူးစက် ခံရသူ ၈၆,၆၃၄ ယောက်၊ သေဆုံးသူ ၄,၆၃၄ ယောက်နဲ့ အာရှဒေသတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအမြင့်ဆုံးအဆင့် ၂၆ နေရာမှာ ရပ်တည်နေပါတယ်။

အာဆီယံဒေသတွင်း နိုင်ငံတနိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၇၄,၂၉၄ ယောက်၊ သေဆုံးသူ ၃၈၄ ယောက်နဲ့ အမှတ်စဉ် ၂၈ နေရာမှာ ရပ်တည်နေပါတယ်။

စင်ကာပူနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူ ၅၈,၂၇၃ ယောက်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းအတွင်း ထပ်တိုးမလာပဲ ၂၉ ယောက်သာရှိနေပြီး အာရှဒေသတွင်း ရောဂါကူးစက်မှုအမြင့်ဆုံးအဆင့် ၃၀ နေရာမှာ ရှိနေပါတယ်။

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူ ၄,၁၀၇ ယောက်၊ သေဆုံးသူ အယောက် ၆၀ နဲ့ အမှတ်စဉ် ၃၉ နေရာမှာ ရှိနေတာပါ။

ဗီယက်နမ်နိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူ ၁,၃၆၇ ယောက်၊ သေဆုံးသူ ၃၅ ယောက်နဲ့ အမှတ်စဉ် ၄၁ နေရာမှာ ရှိနေတာပါ။

အာရှနိုင်ငံတွေထဲမှာ မွန်ဂိုလီးယား၊ ဘူတန်၊ ကမ္ဘောဒီးယား၊ မကာအို၊  လာအိုနဲ့ တီမောနိုင်ငံတွေမှာတော့ ရောဂါကူးစက်မှု ၁၀၀၀ အောက်သာ ရှိနေပေမယ့် လက်ရှိအချိန်အထိ သေဆုံးသူ တဦးတယောက်မှ မရှိသေးပါဘူး။

တကမ္ဘာလုံးအတိုင်းအတာနဲ့ လတ်တလောအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူစုစုပေါင်း ၁ သန်းခွဲကျေိာ်ရှိလာခဲ့ပြီး ရောဂါပြန်လည် ပျောက်ကင်းလာသူ အရေအတွက်ကတော့ ၄၆ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013