DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ် တိုင်းရင်းသားရွာများတွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲသဖြင့် ပြုပြင်ပေးရန် တောင်းဆို
DVB
·
December 7, 2020
ရေးမြို့နယ် တိုင်းရင်းသားရွာများတွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲသဖြင့် ပြုပြင်ပေးရန် တောင်းဆို
1 / 6
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းက မွန်နဲ့ ကရင်တိုင်းရင်းသားတွေ အဓိကနေထိုင်ကြတဲ့ ကျေးရွာတွေမှာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေဖြစ်ပေါ်နေပြီး လာမယ့်အစိုးရသက်တမ်းမှာ ဆောင်ရွက်ပေးဖို့ ဒေသခံတွေက တောင်းဆိုခဲ့ကြပါတယ်။

အဲ့ဒီဒေသမှာ နွေမိုးဆောင်းသွားလာလို့ မရသေးတဲ့ လမ်းတွေများစွာ ကျန်ရှိနေပြီး ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်း ၂ ကြိမ်အတွင်း ရေးမြောက်ပိုင်းမှာရှိတဲ့ ကျေးရွာအချို့က လူထုအသံနားထောင်ဖို့နဲ့ လူထုနဲ့ထိတွေ့ဖို့အတွက် ကိုယ်စားလှယ်တွေအနေနဲ့ ရောက်ရှိမှုနည်းပါးခဲ့ပြီး ဒေသခံတွေနဲ့ ထိတွေ့မှုနည်းပါးခဲ့တယ်လို့ ဆိုပါတယ်။

ရေးမြောက်ပိုင်း လိမ္မော်ခြံကျေးရွာက ဒေသခံအရပ်ဘက်အဖွဲ့အစည်း တာဝန်ရှိသူတဦးဖြစ်တဲ့ စောအောင်ရွှေဝင်းက ''အဓိကအခက်အခဲကတော့ လမ်းပန်းဆက်သွယ်ရေးပေါ့ဗျာ။ နွေမိုးဆောင်းသွားလို့ရတဲ့လမ်းတွေ မရှိတာက အဓိကအခက်အခဲတခုပါ။ ရွာအားလုံးနီးပါးက လျှပ်စစ်မီးမရဘူး၊ နွေရာသီမှာ ရေရှားပါးမှုတွေရှိတယ်၊ ဆက်သွယ်ရေးလိုင်းတွေခက်တယ်၊ အစိုးရနဲ့ ကိုယ်စားလှယ်တွေအနေနဲ့ လူထုနဲ့များများ ထိတွေ့စေချင်တယ်၊ ရှေးသက်တမ်းမှာ လူထုနဲ့ထိတွေ့မှုတော်တော်နည်းခဲ့တာမို့ အချို့ဒေသဖွံ့ဖြိုးရေးတွေလုပ်တဲ့နေရာမှာ ဒေသလိုအပ်ချက်နဲ့ တာဝန်ရှိသူတွေလုပ်တာ မကိုက်ညီနေဘူး၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ချက်အချို့ရှိပေမယ့် ငွေသာကုန်သွားပေမယ့် သိသာထင်ရှားတဲ့အကျိုးရလဒ်မရခဲ့ဘူး” လို့ ပြောပါတယ်။

ဒေသခံတွေအနေနဲ့ကလည်း မိမိတို့ရဲ့ အခွင့်အရေးကို တောင်းဆိုရကောင်းမှန်း မသိကြဘဲ အစိုးရက ဆောင်ရွက်ပေးသလောက် ကျေနပ်နေကြကြောင်း၊ တာဝန်ရှိသူတွေအနေနဲ့ လူထုနဲ့ထိတွေ့ပြီး အသိအမြင်ပွင့်အောင်လုပ်ပေးဖို့၊ အခြေခံပညာရေးအပြင် ကျောင်းပြင်ပပညာရေးတွေကိုပါ လုပ်ပေးဖို့ ဦးစားပေးသင့်တယ်လို့ စောအောင်ရွှေဝင်းက ပြောပါတယ်။

ရေးမြောက်ပိုင်းကျေးရွာတွေအတွင်း လူဦးရေး ၁ သိန်းကျော်ရှိတဲ့အနက် မွန်လူမျိုးအနည်းငယ်နဲ့ ကရင်တိုင်းရင်းသား နှစ်သောင်းကျော်နေထိုင်ကြကာ ဥယျဉ်ခြံလုပ်ငန်းကို အဓိကထား လုပ်ကိုင်နေကြတာပါ။

ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့အတွင်းရေးမှူး ဦးအောင်နိင်ဝင်းက ''ကတ္တရာလမ်း ခုချိန်ထိ တစ်မိုင်တောင်မရှိသေးဘူး၊ ကျန်းမာရေး၊ ပညာရေးအားလုံးနိမ့်ကျနေတယ်၊ ကျောင်းတက်ဖို့ လမ်းပန်းဆက်သွယ်ရေးအတော်ခက်ခဲတယ်၊ အဓိကအခက်အခဲက မိုးတွင်းပဲ။ ကျန်းမာရေးကိစ္စဖြစ်လာရင် လူနာကို ထမ်းစင်နဲ့တောင်ပို့ရတဲ့ အနေအထားထိရှိတယ်။ ပြီးခဲ့တဲ့သက်တမ်းက အစိုးရတွေ ကိုယ်စားလှယ်တွေ မလုပ်ခဲ့ဘူးဆိုတာ စဉ်းစားမရဖြစ်တာပေါ့၊ အဲ့မှာနေတဲ့ ဒေသခံတွေအနေနဲ့ သူတို့ကို ပစ်ထားတယ်၊ ဥပေက္ခာပြုထားသလိုခံစားနေရတယ် '' လို့ ဒီဗွီဘီကို ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပြည်နယ်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သူ မွန်ညီညွတ်ရေးပါတီက နိုင်ခင်စိုးကတော့ ရေးမြောက်ပိုင်းကျေးရွာတွေအတွင်း သွားလာရေးလွယ်ကူအဆင်ပြေစေဖို့ အဓိကထားဆောင်ရွက်ပေးမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“မဲဆွယ်ကာလကတည်းက ကရင်တွေနေတဲ့ရွာကိုရောက်ခဲ့ပါတယ်။ သူတို့ဒေသက သွားလာဖို့ခက်ခဲတယ်၊ မိုးတွင်းဆိုရင် သွားလာဖို့အဆင်မပြေဘူး။ ကျနော့်အနေနဲ့ မွန် ကရင်ရယ်လို့ မရွေးဘဲ သွားလာဖို့ခက်ခဲတဲ့ဒေသမှာရှိတဲ့ ပြည်သူတွေအတွက် သွားလာဖို့လွယ်ကူစေဖို့ လမ်းတံတားကိုပဲ အဓိကထားဆောင်ရွက်ပေးမယ်။”

သတင်း/ဓါတ်ပုံ - ဝင်းနိုင်သက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013