DVB Logo
Home
မြန်မာသတင်း
ကျားခေါင်းဘိလပ်မြေစက်ရုံက လုပ်သက်ရင့် ကျွမ်းကျင်လုပ်သား ၁၀၀ ကျော် နစ်နာကြေး တောင်းဆို 
DVB
·
December 4, 2020
ကျားခေါင်းဘိလပ်မြေစက်ရုံက လုပ်သက်ရင့် ကျွမ်းကျင်လုပ်သား ၁၀၀ ကျော် နစ်နာကြေး တောင်းဆို 
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ကျားခေါင်းဘိလပ်မြေစက်ရုံက လုပ်သက်ရင့် ကျွမ်းကျင်လုပ်သား ၁၀၀ ကျော်ဟာ နစ်နာကြေးရဖို့ အလုပ်ရှင်ထံမှာ တောင်းဆိုထားပြီး  ခုံသမာဓိအဖွဲ့ထံမှာ အဆုံးအဖြတ်ခံယူဖို့ရှိပါတယ်။

ကျားခေါင်းဘိလပ်မြေစက်ရုံဟာ ကိုဗစ် ပထမလှိုင်းကတည်းက ပုံမှန်လည်ပတ်နိုင်ခြင်းမရှိခဲ့ရာက စက်ရုံဝန်ထမ်းတွေကိုလည်း လစာမပေး နိုင်တော့တဲ့အတွက်  နိုဝင်ဘာ ၃၀ ရက်ကစပြီး စက်ရုံယာယီပိတ်သိမ်းခဲ့ပါတယ်။   

ဒါ့ကြောင့် စက်ရုံက ဒုကြီးကြပ်ရေးမှူးအဆင့်အောက်က  ဝန်ထမ်းတွေ အားလုံးကို အလုပ်ထုတ်နစ်နာကြေးတွေ နိုဝင်ဘာ ၁၀ ရက်နေ့မှာ ထုတ်ပေးခဲ့ပြီး အလုပ်ဖြုတ်ခဲ့ပေမဲ့ အဲ့ဒီ အထက်က ဝါရင့်ကျွမ်းက်ဝန်ထမ်းတွေကိုတော့ စက်ရုံပိုင်ရှင်ရဲ့ တခြားလုပ်ငန်းတွေမှာ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ဖို့ နိုဝင်ဘာ ၁၉ ရက်နေ့မှာ အမိန့်စာထုတ်ခဲ့ပါတယ်။ 

အဲ့ဒီလိုကျန်ရှိတဲ့ ကျွမ်းကျင် ဝန်ထမ်း ၁၀၀ ကျော်ဟာ စေလွှတ်ခြင်းခံရတဲ့ ဆင်တောင် မခေါ်ကျောက်မီးသွေးမိုင်း၊ လားရှိုးစိုက်ပျိုးရေးခြံတွေနဲ့ ရန်ကုန် VeVe အချိုရည်စက်ရုံတွေကို တစ်ဦးချင်းအကြောင်းအမျိုးမျိုးကြောင့် သွားရောက်လိုခြင်း မရှိပါဘူး။

လက်ရှိ ပထမအသုတ်အနေနဲ့ ၂၅ ယောက်သွားရမယ့် ကျောက်မီးသွေးမိုင်းဟာ နိုင်ငံတော်က ခွင့်ပြုထားတဲ့ကျောက်မီးသွေး ထုတ်လုပ် ခွင့်လိုင်စင် ကုန်ဆုံးနေတာရယ်။ ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းတွေရှိပြီး ဒေသ မငြိမ်းချမ်းတာရယ်၊ မိုင်းတွင်းအနီးအနားရွာတွေမှာ ဆေးပေးခန်းတွေမရှိတာရယ်၊ ဝန်ထမ်းလိုင်းခန်းတွေ လုံလောက်မှု မရှိတာရယ်၊ လုပ်ငန်း သဘာဝမတူတာရယ်၊ ကျောက်ဆည်ကိုပြန်လာရင် သုံးရက်ခရီးလောက် ကြာ နိုင်တာရယ်တွေကြောင့် သွားရောက်လိုခြင်းမရှိပါဘူးလို့ တင်ပြခဲ့ကြပါတယ်။ 

မဖြစ်မနေ သွားရမယ်ဆိုရင်လည်း ကျားခေါင်းစက်ရုံဘက်က အလုပ်ထုတ်နစ်နာကြေးရမှ အလုပ်ပြောင်းနိုင်မယ်လို့ တောင်းဆိုကြပါတယ်။ ဒါပေမဲ့ အလုပ်ရှင်ဘက်က ဒါတွေကို လျစ်လျူရှုနေခဲ့တာကြောင့် ကျောက်ဆည်မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့က ဒီဇင်ဘာ ၃ ရက်နေ့ အထိ သုံးကြိမ်ခေါ်ယူ ညှိနှိုင်းပေးခဲ့ပေမဲ့ အလုပ်ထုတ်နစ်နာကြေးရဖို့ အဆင်ပြေမှုမရှိခဲ့ပါဘူး။ 

အဲဒီဝန်ထမ်းအယောက် ၁၀၀ ကျော်ဟာ လုပ်သက်အနည်းဆုံး ၁၀ နှစ်ကနေ နှစ်၂၀ ကျော်အထိရှိနေတာကြောင့် အလုပ်ထုတ်နစ်နာကြေးတန်းတူမရတဲ့အတွက် နစ်နာမှုတွေရှိနေတယ်လို့ စက်ရုံက အခြေခံအလုပ်သမားအဖွဲ့အစည်းဥက္ကဋ္ဌ ကိုတင်ဇော်ဦးက ပြောပါတယ်။

“ကျနော်တို့ အဲ့နေရာတွေကိုသွားပြီး ပြန်လာတဲ့အခါ  နောက်ဝန်ထမ်းအသစ်တွေနဲ့လည်း ပြန်ပြီး ဆက်လုပ်မယ်ဆိုရင် အသစ်တွေက အနည်းဆုံးအခကြေးငွေ ၁ သိန်းခွဲ ၁သိန်းကျော်ရပြီး ကျနော်တို့ နှစ်ကြီးသမားတွေက ၂သိန်းကျော်ကျော်လောက်နဲ့ပဲ သွားရမှာဖြစ်တဲ့အတွက် ပေးဆပ်ခဲ့ တဲ့ လူတွေအတွက် နစ်နာရပါတယ်။” 

ကျားခေါင်း အခြေခံအလုပ်သမားအဖွဲ့အစည်းအတွင်းရေးမှူး ဦးမင်းမင်းဦး က “စက်ရုံ ယာယီ ပိတ်သိမ်းဖို့ အလုပ်သမားတွေဘက်က နစ်နာကြေးတောင်းဆိုတာဟာ မလွန်ပါဘူး။ ပေးဆပ်ခဲ့တဲ့ နှစ်တွေက များပြီ။ အကျိုးခံစားခွင့်လည်း မရှိဘူး။ တခြားစက်ရုံတွေ နည်းတူ မုန့်ဖိုးပေးတာ ဘောနပ်စ်ပေးတာတွေလဲ ခုချိန်ထိမရှိခဲ့ဘူး။  နောက်တချက်က ရှေ့မှာ သာဓကတွေလဲ ရှိတယ်။ ယာယီပိတ်တာဖြစ်ဖြစ် အမြဲတမ်းပိတ်တာဖြစ်ဖြစ် အလုပ်ထုတ်နစ်နာကြေးလျော်ကြေးပေး ပြီးတော့မှ သူတို့ကြိုက်တယ်ဆိုရင် ပြန်ခန့်တဲ့ အနေအထားတွေရှိခဲ့ပါတယ်။” လို့ ပြောပါတယ်။

ကျောက်မီးသွေးမိုင်းကို ပြောင်းရွှေ့ အလုပ်လုပ်ရမယ့်အထဲမှာ အသက် ၆၅ နှစ်အထက် ဝန်ထမ်းတွေလည်းပါနေတဲ့အတွက် သူတို့နှစ်ဦးကိုတော့ ချွင်းချက်အနေနဲ့ မပြောင်းခိုင်းဘဲ အလုပ်ထုတ်နစ်နာကြေးပေးဖို့ ညှိနှိုင်းရေးအဖွဲ့က ညှိပေးခဲ့ပေမဲ့ အလုပ်ရှင်ဘက်က သူတို့နှစ်ဦးကို စက်ရုံလုံခြုံရေးအဖြစ် ဒီမှာပဲ တာဝန်ထမ်းဆောင်ဖို့ တုံ့ပြန်ခဲ့ပါတယ်။  

လုပ်သက် ၂၀ကျော်ရှိတဲ့ တရုတ်စကားပြန် ဦးစိုင်းမောင်မောင်က “လုံခြုံရေးမှာ ထားမယ် ဆိုပေမဲ့ ကျနော်တို့သက်ကြီးဝါကြီးနှစ်ယောက်က တံခါးတောင်မတွန်းနိုင်ဘူး လမ်းလျှောက်ဖို့ တောင်အနိုင်နိုင် ဆေးဝါးကို မှီခိုအားပြုပြီးမှ ကျနော်တို့လမ်းလျှောက်နေရတာ အခုစကားပြော နေတာတောင်မှ ဆေးအရှိန်နဲ့မို့လို့ပြောနိုင်နေတာပါ။ စက်ရုံက ကျနော်တို့ကို ကြည့်ရှုစောင်မမယ် ပြောသာပြောတာ လုံခြုံရေးအဖြစ်ထားမယ်သာပြောတာ ကျနော်တို့နှစ်ယောက်အင်အားက တံခါးတောင်မဖွင့်နိုင်တော့ပါဘူး။ ဒါ့ကြောင့်လည်း ကျနော်တို့က ငြင်းဆန်ခဲ့ပါတယ်။”လို့ ပြောပါတယ်။

ညှိနှိုင်းရေးအဖွဲ့က ညှိပေးတဲ့အခါ အလုပ်ရှင်ဘက်က ကာလကန့်သတ်ချက် ၆ လ သတ်မှတ် ပေးပြီး နေစားစရိတ်ငြိမ်းနဲ့ လူမှုဖူလုံကြေးအသက်အာမခံလုပ်ပေးပါ့မယ်လို့ ကတိပြုခဲ့ပေမဲ့ အလုပ်သမားတွေက အလုပ်နစ်နာကြေးကိုသာ ဆန္ဒရှိနေကြပါတယ်။

စက်ရုံအပြီးပိတ်သိမ်းရင် နစ်နာကြေးတောင်းလို့ရပေမဲ့ ဥပဒေမှာ ယာယီပိတ်သိမ်းရင်လည်း နစ်နာကြေးရမယ်လို့ မပါရှိတဲ့အတွက် ညှိနှိုင်းရေးအဖွဲ့ဘက်က တောင်းပေးလို့မရဘူးလို့ ညှိနှိုင်းရေးအဖွဲ့အတွင်းရေးမှူး ဒေါ်ဟန်သီအေးက ပြောပါတယ်။

မြို့နယ်အဆင့်မှာ မပြေလည်တာကြောင့် ကျောက်ဆည်မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့က အလုပ်သမားဥပဒေပါ ရပိုင်ခွင့်တွေနဲ့ အကျုံးဝင်မှု မရှိပေမဲ့ အလုပ်သမားအများစုရဲ့ ရသင့်ရထိုက်တဲ့အကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့အငြင်းပွားမှုလို့ မန္တလေးတိုင်းဒေသကြီး ခုံသမာဓိအဖွဲ့ဆီကို ဒီဇင်ဘာ ၄ ရက်နေ့မှာ အမှုတွဲလွှဲပြောင်းသွားမယ်လို့ သိရပါတယ်။  

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး စက်ရုံပိုင်ရှင်ကိုယ်စားလှယ်တွေကို တွေ့ဆုံ မေးမြန်းခဲ့ပေမဲ့လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။

နစ်နာတဲ့အလုပ်သမား ၁၀၀ ကျော်ကတော့ ညှိနှိုင်းတာမှာ အဆင်မပြေခဲ့ပေမဲ့   တိုင်းအဆင့် ခုံသမာဓိအဖွဲ့ဟာ ဆုံးဖြတ်ချချက်ပေးရတဲ့နေရာမို့လို့  အလုပ်နစ်နာကြေးရကြလိမ့်မယ်လို့ မျှော်လင့်ချက်ထားနေကြပါတယ်။  

သတင်း - နွေလှိုင်း (YU)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013