DVB Logo
Home
မြန်မာသတင်း
မန္တလေးမြို့ ကွာရန်တင်းစင်တာများတွင် ဂီတဖျော်ဖြေပွဲ ပြုလုပ်မည်
DVB
·
November 30, 2020
မန္တလေးမြို့ ကွာရန်တင်းစင်တာများတွင် ဂီတဖျော်ဖြေပွဲ ပြုလုပ်မည်
1 / 15
Donate to DVB

မန္တလေးမြို့အတွင်းက ကိုဗစ်လူနာတွေ ထားရှိတဲ့ ကိုဗစ်-၁၉ ရောဂါ ကုသမှုခံနေရသူတွေ စိတ်ဓာတ်ခွန်အား မြင့်လာပြီး စိတ်အပန်းပြေစေဖို့အတွက် ကွာရန်တင်းစင်တာတွေမှာ ဂီတဖျော်ဖြေပွဲတွေ လိုက်လံလုပ်ဆောင်ဖို့ရှိတယ်လို့ မန္တလေးမြို့ခံ ပရဟိတအဖွဲ့တွေက ပြောပါတယ်။

တန်ဆောင်တိုင်ညမှာ မန္တလေး၊ မြို့ချမ်းမြသာစည်မြို့နယ်၊ ၆၈ လမ်းပေါ်ရှိ Multi purpose Stadium က ကိုဗစ်လူနာကုသရေးစင်တာက လူနာတွေအတွက် ပရဟိတ အဖွဲ့အစည်းအချို့ပူးပေါင်းပြီး ‌တေးဂီတဖျော်ဖြေမှု ပြုလုပ်ပေးခဲ့တယ်လို့ ရွှေမဟာနွယ် ပရဟိတသွေးလှူရှင်အသင်းရဲ့ ဥက္ကဋ္ဌ မရွှေမဟာနွယ်က ပြောပါတယ်။

“ဒီပွဲလေးကို လုပ်တာပေါ့နော်၊ ဒါက ဒုတိယအကြိမ်မြောက်၊ နောက်ထပ်လည်း မန္တလေးတိုင်း၊ မြို့နယ်တွေအတွင်းမှာရှိတဲ့ Q စင်တာတွေ အကုန်လုံးဖျော်ဖြေပေးဖို့ရှိတယ်ပေါ့နော်၊ ရည်မှန်းထားတယ်ပေါ့။ အတတ်နိုင်ဆုံး ကြိုးစားမယ်။ အခုလာပြီးတော့ ဆိုပေးကြတဲ့ music band တွေ၊ မီးစက် စက်သမားတွေ နောက်တစ်ခါ ဒီပစ္စည်းတွေ အကုန်လုံး ဒီကိုရောက်အောင်ပံ့ပိုးပေးကြတဲ့ ကားသမားတွေအကုန်လုံး ငွေကြေးတစ်ပြားတစ်ချပ်မှ မယူပါဘူး၊ အားလုံးက မေတ္တာနဲ့ကူညီပေးကြတဲ့ လူတွေချည်းပါပဲ” လို့ပြောပါတယ်။

ရွှေမဟာနွယ်ပရဟိတ သွေးလှူရှင်အသင်း၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့၊ အဖြူရောင်နှင်းဆီပရဟိတလူငယ်အဖွဲ့နဲ့ မန္တလေးမြို့ခံတီးဝိုင်းတစ်ခုဖြစ်တဲ့ String Music Band အဖွဲ့တို့ ပူးပေါင်းပြီး နိုဝင် ဘာလ ၂၉ ရက် ည ၇ နာရီကနေ ည ၉ နာရီထိ ဂီတဖျော်ဖြေပွဲပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ လူနာတွေ စိတ်ဓာတ်ခွန်အား မြင့်လာစေဖို့နဲ့ စိတ်အပန်းပြေစေဖို့အတွက် ကိုဗစ် ရောဂါဆိုင်ရာ သတ်မှတ်စည်းကမ်းတွေအတိုင်းလိုက်နာပြီး ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

အဖြူရောင်နှင်းဆီ ပရဟိတလူငယ်အဖွဲ့ရဲ့ အသင်းခေါင်းဆောင် မအိပြည့်စုံက “ဒီမှာ အဓိကလာပြီးတော့ ဖျော်ဖြေပေးရတဲ့ ရည်ရွယ်ချက်က ဒီမှာပေါ့နော်။ ကျမတို့တောင်မှ Positive မဖြစ်ပဲနဲ့ ဒီလိုမျိုးနေ့ရက်မှာ အပြင်ထွက်မလည်ရတဲ့အတွက် စိတ်ထဲမှာ တစ်မျိုးပဲပေါ့။ အရင်နှစ်တွေနဲ့စာရင် စိတ်ထဲမှာ စိတ်မကောင်းတာလေးတွေ ရှိတယ်ပေါ့။ ကျမတို့တောင်မှ အပြင်မှာ သွားလာလှုပ်ရှားနေလို့ရတဲ့ လူတွေတောင် ဒီလိုစိတ်ဆင်းရဲနေရင် Positive ဖြစ်ပြီးတော့ ဒီ ဆေးရုံမှာ နေနေရတဲ့ လူတွေရဲ့ရင်ထဲက ခံစားချက်ကို ကျမတို့ စာနားနားလည်းပေးပြီးတော့ သူတို့ စိတ်ခံစားချက်တွေ ခဏပဲဖြစ်ဖြစ် ပြေပျောက်တယ်ဆိုရင် ဝမ်းသာရအောင်လို့ပေါ့နော်။ ဒီရည်ရွယ်ချက်လေးနဲ့ လာရောက်ဖျော်ဖြေပေးတာပါ” လို့ ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ဖေဖော်ဝါရီလ ၉ ရက်နေ့ကနေ နိုဝင်ဘာလ ၂၉ ရက်နေ့အထိ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာပေါင်း ၅၈၆၆ဦး ရှိပြီး ရောဂါပျောက်ကင်းသူ ၃၆၇၃ ဦးရှိပြီလို့ သိရပါတယ်။ သေဆုံးသူပေါင်းကတော့ ၄၉ ဦးရှိပြီးဖြစ်တယ်လို့ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။

သတင်း - ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013