DVB Logo
Home
မြန်မာသတင်း
ရွှေလီနှင့် ဂျယ်ဂေါင်ရောက် မြန်မာနိုင်ငံသားများ ခွဲခြားဆက်ဆံခံနေရ
DVB
·
July 14, 2021
ရွှေလီနှင့် ဂျယ်ဂေါင်ရောက် မြန်မာနိုင်ငံသားများ ခွဲခြားဆက်ဆံခံနေရ
Donate to DVB

တရုတ်-မြန်မာနယ်စပ် တရုတ်နိုင်ငံ ဂျယ်ဂေါင်နဲ့ ရွှေလီမြို့မှာရှိတဲ့ မြန်မာနိုင်ငံသားတွေဟာ တရုတ်ဌာနဆိုင်ရာတွေရဲ့ ခွဲခြားဆက်ဆံ အနိုင်ကျင့်ခံနေရတယ်လို့ ရွှေလီမြို့ ကိုဗစ်-၁၉ ကွာရန်တင်းစင်တာကို ရောက်နေတဲ့ မြန်မာနိုင်ငံသား ကျောက်ကုန်သည်တဦးက DVB ကို ပြောပါတယ်။

လွန်ခဲ့တဲ့လက ဂျယ်ဂေါင်မြို့မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူတဦး တွေ့ခဲ့တာကြောင့် မြို့ကို လော့ဒေါင်းချပြီး မြန်မာနိုင်ငံသားအများစုကို ရွှေလီနဲ့ ဂျယ်ဂေါင်ကြားမှာရှိတဲ့ ကာရန်တင်းစင်တာတွေကို ပို့ဆောင်ခဲ့တာလို့ ဆိုပါတယ်။

ကွာရန်တင်းဝင်ဖို့ လာခေါ်စဉ်က အခမဲ့လို့ ပြောဆိုခဲ့ပေမဲ့ အခုအခါ ကွာရန်တင်း ဝင်ရောက်သူတွေရဲ့ လက်ကိုင်ဖုန်းတွေဆက်ပြီး တရက်ကို စားစရိတ်အဖြစ် တရုတ်ယွမ်ငွေ ငါးဆယ် တောင်းခံကာ အစားအသောက်တွေကို ဖြစ်သလို ကျွေးတဲ့အပြင် ဝဝလင်လင်လည်း မကျွေဘူးလို့ ကွာရန်တင်းဝင်နေသူတွေဆီက သိရပါတယ်။

ကွာရန်တင်းဝင်နေသူတဦးက “သူတို့က Q ဝင်ဖို့ လာခေါ်တုန်းကတော့ ဘာမပြော ညာမပြောနဲ့ အပြစ်သားတွေ လာခေါ်သလို ခေါ်သွားတာ။ ဟိုရောက်တော့ သူ စီစဉ်ထားတဲ့ အခန်းတွေထဲ ထည့်ထားတယ်။ လာကျွေးတဲ့ ထမင်းကလည်း တကယ့်နည်းနည်းလေ၊ တချို့ဆို ကလေးလေးတွေ ပါလာတယ်။ ကလေးပါလည်း လူကြီးတယောက်စာပဲ ထမင်းကို ပေးတာ။ ဘာအသားမှမပါဘူး၊ ပါတဲ့နေ့က အသားကလည်း တကယ့်လက်တဆစ်လောက်လေး” လို့ ​ပြောပါတယ်။

တရုတ်ငွေ ယွမ်ငါးဆယ်ဟာ လက်ရှိငွေဈေးနဲ့ဆိုရင် မြန်မာကျပ်ငွေ ၁၂,၀၀၀ နဲ့ညီမျှပြီး သက်ဆိုင်ရာက ကွာရန်တင်းဝင်သူတွေကို လာကျွေးတဲ့ အစားအသောက်ဟာ တရက်ကို ခြောက်ထောင်ဖိုးလောက်သာ ရှိတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံသားတွေကိုတော့ ဟိုတယ်ခန်းတွေ စီစဉ်ပေးပြီး အစားအသောက်တွေကို အသားငါးနှစ်မျိုးနဲ့ကျွေးကာ တရက်ကို ယွမ်းငါးဆယ်ပဲ ပေးရတယ်လို့ ကျောက်ကုန်သည်က ပြောပါတယ်။

“သူတို့ တရုတ်နိုင်ငံသားတွေကျတော့ ဟိုတယ်ခန်းတွေမှာထားတာ၊ အစားအသောက်လည်း စပယ်ရှယ်ကျွေးတာ၊ ကျနော်တို့ မြန်မာပြည်သားတွေကို တရက်ယွမ်ငါးဆယ် တောင်းရင် သူတို့လို ဟိုတယ် ထားပေးသင့်တာပေါ့။”

ဂျယ်ဂေါင်မြို့ကို လော့ဒေါင်းချပြီး ပိုးကူးစက်ခံရသူတွေ့ရှိရာ အဝန်းအဝိုင်းနဲ့ ထိစပ်သူအားလုံး ကွာရန်တင်းဝင်းခိုင်းခြင်းမျိုးမဟုတ်ဘဲ ဂျယ်ဂေါင်မြို့အတွင်းမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသား အားလုံးနီးပါးကိုသာ ကွာရန်တင်းစင်တာ ပို့ဆောင်ခဲ့တာလို့လည်း မြန်မာနိုင်ငံသားတွေက ပြောပါတယ်။

ဒါ့အပြင် တရုတ်အစိုးရတာဝန်ရှိသူတွေဟာ ကွာရန်တင်း ၂၁ ရက်ပြည့်ပြီး ဆေးစစ်ကြည့်လို့ ကိုဗစ်ကူးစက်ခြင်း မရှိသူတွေကို ပြန်မလွှတ်ပေးဘဲ ရက်အကန့်အသတ်မရှိ ကွာရန်တင်း ဆက်လက်ဝင်ခိုင်းကာ နေ့စဉ် စားစရိတ် ယွမ် ၅၀ တောင်းခံနေတယ်လို့လည်း သိရပါတယ်။

နေ့စဉ် စားစရိတ် ယွမ်ငါးဆယ် မပေးနိုင်တဲ့သူတွေအနေနဲ့ တရုတ်အစိုးရရဲ့ စက်ရုံတွေမှာ အလုပ်လုပ်လိုက လုပ်နိုင်ပြီး၊ လုပ်ခလစာကို ဘယ်လောက်ပေးမယ်ဆိုတာကိုတော့ မေးမြန်းရာမှာ မဖြေကြားခဲ့ဘူးလို့ ဆိုပါတယ်။

ယခင် ကိုဗစ်ဒုတိယလှိုင်းမှာ တရုတ်စက်ရုံကို အပို့ခံရသူ မဇင်မာက  “လစာလုံးဝမပေးဘဲ အခမဲ့ တနှစ်လုပ်ပေးရမယ်ဆိုပြီး စာချုပ်မှာ လက်မှတ်ထိုးခိုင်းပြီး စက်ရုံတွေမှာ အလုပ်လုပ်ခိုင်းတယ်။ သေအောင်ခိုင်းတာ၊ မလုပ်နိုင်တော့လို့ ထွက်ပြေးလာရတာ၊ ဘာ်မှလည်းမသွားခိုင်ဘူး” လို့ ပြောပါတယ်။

တရုတ်အစိုးရ စက်ရုံတွေမှာ မလုပ်နိုင်သူတွေဟာ လက်ရှိ ကွာရန်တင်းစင်တာကနေ တိုက်ရိုက် မြန်မာပြည်ကိုပြန်နိုင်ပြီး ဂျယ်ဂေါင်က အခန်းမှာ ကျန်ရှိတဲ့ပစ္စည်းတွေကိုတော့ ယူခွင့်မပေးတာကြောင့် မြန်မာပြည်ကို ပြန်ချင်သူအချို့ဟာ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေဖြစ်တဲ့ ကျောက်စိမ်အရိုင်းတုံး အပါအဝင် အဖိုးတန် လက်ဝတ်ရတနာနဲ့ အသုံးဆောင်ပစ္စည်းတွေ ဆုံးရှုံးရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း DVB က စုံစမ်းသိရှိရပါတာယ်။

တရုတ်ပြည်မှာ ဆယ်နှစ်ကြာ အလုပ်လုပ်ခဲ့တဲ့ မြန်မာနိုင်ငံသားအမျိုးသမီးတဦးက “ကိုယ့်နိုင်ငံကို ပြန်မယ်ဆိုရင် ပြန်တော့ပို့တယ်၊ ခိုးပေါက်တွေကနေ အစုလိုက် ပြန်ပို့ပေးတယ်။ တရုတ်ပြည်မှာ လုပ်ထားတဲ့ နေထိုင်ခွင့်ကတ်တွေ၊ အဝင်အထွက်စာအုပ်တွေကို သိမ်းထားပြီး ဖျက်ဆီးပစ်တယ်။ ဂျယ်ဂေါင်အခန်းမှာ ကျန်ခဲ့တဲ့ ဘာပစ္စည်းမှ ယူခွင့်မပေးဘူး၊ တခါတည်း စက်လှေဂိတ် ခိုးပေါက်ပို့တာ” လို့ ပြောပါတယ်။

တရုတ်အာဏာပိုင်တွေဟာ ကွာရန်တင်းဝင်ဖို့ လာခေါ်စဉ်က အခမဲ့လို့ ပြောဆိုခဲ့ပေမဲ့ စင်တာတွေ ရောက်ရှိချိန်မှာ ငွေကြေးအဓမ္မကောက်ခံတာတွေ၊ အဓမ္မ ခိုင်းစေမှုတွေ ပြုလုပ်တဲ့အပေါ်မှာ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ နှစ်နိုင်ငံ ပူးပေါင်းညှိနှိုင်းတာမျိုးတွေ ဒီနေ့အချိန်ထိ မတွေ့ရသေးဘူးလို့လည်း ရွှေလီရောက် မြန်မာအသိုင်းဝိုင်းက ပြောပါတယ်။

ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ မြန်မာနိုင်ငံသားတဦးက “လာခေါ်တုန်းက ဘာမှမလိုဘူး၊ အဝတ်အစားလောက်ပဲ ယူခဲ့ပါတဲ့၊ ကျန်တာ တရုတ်အစိုးရက ထောက်ပံ့ပေးမှာလို့ ပြောပြီး ကားပေါ်ရောက်မှစပြီး အကြပ်ကိုင်တော့တာပဲ။ ဒီလို လုပ်နေတာကိုလည်း မြန်မာပြည်ဘက်က ခုချိန်ထိ ဘာမှဖြေရှင်းမပေးဘူး။” 

မူဆယ်မြို့အနီးက တရုတ်နိုင်ငံ ဂျယ်ဂေါင်မြို့ဟာ မြန်မာနိုင်ငံသား ၇၅ ရာခိုင်နှုန်းကျော် နေထိုင်ကာ အများစုက အခြေခံလူတန်းစား အလုပ်သမားများပြီး ကျောက်ကုန်သည်၊ ကုန်သည်များ အခြေချနေထိုင်ရာ မြို့လည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013