DVB Logo
Home
မြန်မာသတင်း
ကျွန်းညိုကြီးရွာသစ်တွင် ကမ်းပြိုမှုပိုဆိုးလာသဖြင့် ကျေးရွာမြေသစ် စီစဉ်ပေးရန် တောင်းဆို
DVB
·
November 30, 2020
ကျွန်းညိုကြီးရွာသစ်တွင် ကမ်းပြိုမှုပိုဆိုးလာသဖြင့် ကျေးရွာမြေသစ် စီစဉ်ပေးရန် တောင်းဆို
Donate to DVB

ပခုက္ကူမြို့နယ် ကျွန်းညိုကြီးကျေးရွာအုပ်စု ကျွန်းညိုကြီးရွာသစ်မှာ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့်  ကမ်းပါးပြိုရာမှာ ၅၂ လုံးအထိ ရွှေ့ပြောင်းခဲ့ရပြီး ကျေးရွာနေရာသစ် စီစဉ်ဆက်လက်ဆောင်ရွက်ပေးဖို့ ဒေသခံတွေက တောင်းဆိုပါတယ်။

၂၀၁၆  ခုနှစ်က စတင်ပြိုခဲ့တာဖြစ်ပြီး အခု ၂၀၂၀ အထိ အိမ်ခြေ ၅၀ ကျော်အထိ ရွှေ့ပြောင်းခဲ့ရတာ ဖြစ်ပါတယ်။  ၂၀၁၆ ခုနှစ်တုန်းက သက်ဆိုင်ရာဌာနက  ရေကာတာ တည်ဆောက်ပေးခဲ့ပေမဲ့ တည်ဆောက်ပြီး ၃ လအတွင်းမှာ မြစ်ရေမှာ ပြိုကျ မျောပါသွားတယ်လို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာ ခရိုင်စီမံခန့်ခွဲမှုကော်မတီက လူနေအိမ်တွေ ရွှေ့ပြောင်းနေထိုင်နိုင်ဖို့အတွက်  ကျေးရွာနဲ့အနီးဆုံးဖြစ်တဲ့ တင်းဂါတ်ကျေးရွာအုပ်စု ရွှေမုဋ္ဌောကွင်းမှာ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့မြေကို ကွင်းဆင်းတိုင်းတာခဲ့ကြတယ်လို့ ဒေသခံတွေ ပြောပါတယ်။

ဒါပေမဲ့ အခု ၂၀၂၀ ပြည့်နှစ်အထိ ထူးခြားမှုမရှိသေးဘဲ လက်ရှိမှာ မြစ်ရေတိုက်စားမှုကလည်း လျင်မြန်နေတာကြောင့်  နေထိုင်ဖို့နေရာ အမြန်လိုအပ်နေတယ်လို့ ကျွန်းညိုရွာသစ်နေ  ဦးဝင်းဆွေက ပြောပါတယ်။

“ကျနော်တို့ကို နေရာ ၂၀၁၇ က ချထားပေးခဲ့တာပါ။ အခုလက်ရှိအနေအထားကတော့ အခု ၂၀၂၀ မှာ တအားပြိုလာပါတယ်။ ကျနော်တို့ ကျေးရွာက နောက်ထပ် ၁၀ လုံးရွှေ့ရပြန်ပါပြီ။ ကျနော်တို့ရွာတွင်း ဒီနှစ်မှာ ပေ ၃၀၀ လောက်ပြိုသွားပါပြီ။ အိမ်ခြေ ကျနော်တို့ဆီမှာ ၁၇၀ လောက်၊ အိမ်ထောင်စုက ၂၂၀ ရှိပါတယ်။ ရွှေ့ပြောင်းပေးတဲ့နေရာက ၃၆၆ (ရွှေမုဌောကွင်း) မှာ ချထားပေးပါတယ်။ ကျနော်တို့ ရရင်တော့ အဲ့ဒီနေရာ လိုချင်တာပေါ့။ ၂၀၁၇ က ချထားပေးတာ အုပ်မှူးအပြောင်းအလဲမှာ လုပ်ငန်းမလုပ်တော့ ဆက်ပြီး မပြိုသေးတော့ နေလိုက်တာ အခု ၂၀၂၀  မှာ တအားပြိုလာတယ်။ အိမ်လည်း နောက်ထပ် ၁၀ လုံးရွေ့ရတယ်။ ပထမတော့ အိမ်ခြေ  ၄၂ လုံး အခု ၁၀ လုံး၊  ၅၂လုံး ရွှေရပါတယ်။ “

ကျေးရွာဒေသခံတွေအနေနဲ့လည်း နှစ်စဉ်ကမ်းပြိုမှုတွေကြောင့်  မျိုးဆက် တစ်ဆက်မှာ အိမ်ဝိုင်းတစ်ဝိုင်း ဝယ်ယူပြီးနေခဲ့ရတာဖြစ်တဲ့အတွက် ကမ်းမပြိုမယ့်နေရာကို ချထားပေးစေချင်တယ်လို့ ဆိုကြပါတယ်။

အိမ်ရွှေ့ပြောင်းရတော့မယ့် ကျွန်းညိုရွာသစ်နေ  ဒေါ်နီနီဝင်းက “တောင်ဘက်ဝိုင်းက ပြိုကျတော့ မနေရဲဘူးပေါ့နော်၊ မနေရဲတော့ ရွှေ့ပါမယ်ဆိုတော့လည်း ကျမတို့ အကွက်လည်းမရှိဘူး။  ကမ်းပါးပြိုနေတဲ့အချိန်ဆိုရင် ကျမတို့မှာ အိပ်လည်းမအိပ်ရဲဘူး ထိုင်လည်း မထိုင်ရဲဘူး အဲ့လိုမျိုးတွေ ခံစားခဲ့ရတာပေါ့။ ကျမတို့လိုချင်တာကတော့ နောက်ထပ် ပြန်မရွှေ့ရအောင်နေချင်ပါတယ်။” လို့ ပြောပါတယ်။

အဲဒီကျေးရွာဟာ ၁၉၈၂ ခုလောက်ကတည်းက နှစ်စဉ် ကမ်းပြိုမှုဒဏ်ကို ခံစားခဲ့ရပြီး လုပ်စားမြေကွက်တွေပဲ ပြိုကျမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013