DVB Logo
Home
မြန်မာသတင်း
အကောင်းဆုံးအစွမ်းပြယှဉ်ပြိုင်ခဲ့ပေမယ့် Live Show အဆင့်က နှုတ်ဆက်အိမ်ပြန်ခဲ့ရသူ နော်ဇာလီ (ရုပ်သံ)
DVB
·
November 30, 2020
အကောင်းဆုံးအစွမ်းပြယှဉ်ပြိုင်ခဲ့ပေမယ့် Live Show အဆင့်က နှုတ်ဆက်အိမ်ပြန်ခဲ့ရသူ နော်ဇာလီ (ရုပ်သံ)
Donate to DVB

မနေ့ညက ကျင်းပခဲ့တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ စတုတ္ထအဆင့် Live Show ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင် နော်ဇာလီက အကောင်းဆုံး အစွမ်းပြယှဉ်ပြိုင်ခဲ့ပေမယ့် ဒီအဆင့်မှာတင် နှုတ်ဆက်အိမ်ပြန်ခဲ့ရပြီ ဖြစ်ပါတယ်။

နော်ဇာလီဟာ Team R. ဇာနည်ရဲ့ အဖွဲ့ထဲကဖြစ်ပြီး ဒီအဆင့်မှာတော့ အဖွဲ့ထဲက ပြိုင်ပွဲဝင်တွေ ဖြစ်ကြတဲ့ ဆလိုင်းတီလျန်၊ Janus ၊ N Oo L တို့နဲ့အတူ အပြိုင်ကြဲ သီဆို ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တတိယအကြိမ်အဖြစ် ကျင်းပတဲ့ ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်လို သူတွေကိုတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ကတည်းက Online Audition လျှောက်လွှာတွေ ခေါ်ယူခဲ့တာပါ။

The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာတော့ Blind Audition၊ Battle Round၊ KnockOut Round၊ Liveshow နဲ့ Semi Final အဆင့်စတဲ့ ပြိုင်ပွဲအဆင့်တွေကို ပြိုင် ပွဲဝင်တွေက အကြိတ်အနယ် ဖြတ်ကျော်ပြီးမှ နောက်ဆုံး ဖိုင်နယ်အဆင့်ကို ရောက်ရှိတာ ဖြစ်ပါတယ်။

ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲတခုဖြစ်တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World၊ အိပ်မက် ဆုံရာ၊ The X Factor Myanmar စတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေ ရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစုပါဝင်နေပြီး အကြိတ်အနယ် ရှိနေကြတာကို တွေ့ရပါတယ်။

အခုနှစ်ရဲ့ Season 3 မှာလည်း မနှစ်က Coach တွေဖြစ်ကြတဲ့ R. ဇာနည်၊ ရန်ရန်ချန်း၊ ကျားပေါက်နဲ့ နီနီခင်ဇော်တို့ကပဲ ပြန်လည်ပြီးတော့ ပါဝင်ခဲ့ကြကာ Blind Audition အဆင့်ပြိုင်ပွဲကနေ Team တခုစီအတွက် ပြိုင်ပွဲဝင် ၁၂ ယောက်စီ ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီနောက် သက်ဆိုင်ရာ Coach တယောက်ချင်းစီရဲ့ Team တွေထဲက ၂ ယောက် တတွဲစီနဲ့ ဒုတိယအဆင့် Battle Round ပြိုင်ပွဲ၊ Team တခုစီက ၄ ယောက်တတွဲစီ ယှဉ်ပြိုင်ရတဲ့ တတိယအဆင့် KnockOut Round ပြိုင်ပွဲတွေ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိမှာတော့ Team တခုမှာ ပြိုင်ပွဲဝင် ၄ ယောက်စီနဲ့ ဒီအဆင့်ကို ဖြတ်ကျော် နိုင်ခဲ့သူ ၁၆ ယောက်သာ ကျန်ရှိနေခဲ့ကာ စတုတ္ထအဆင့် Live Show ပြိုင်ပွဲတွေကို ကျင်း ပနေတာပါ။

ရန်ကုန်မြို့က လာရောက်ယှဉ်ပြိုင်တဲ့ အသက် ၂၈ နှစ်အရွယ် ပြိုင်ပွဲဝင် နော်ဇာလီ ဟာ Blind Audition အဆင့်မှာ အဆိုတော် Mariah Carey ရဲ့ နာမည်ကျော်သီချင်း တ ပုဒ်ဖြစ်တဲ့ Hero သီချင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Team R. ဇာနည်ရဲ့ အဖွဲ့ထဲကို ရောက် ရှိလာခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် Battle Round အဆင့်ပြိုင်ပွဲမှာတော့ ရဲခန့်နဲ့အတူ “ကြယ်တွေစုံတဲ့ည” သီချင်းနဲ့ အပြိုင်ကြဲသီဆိုခဲ့ပြီး နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။

နောက်တဆင့် KnockOut Round အဆင့်မှာတော့ နော်ဇာလီက “လေလွင့်လူ” သီချင်းနဲ့ ယှဉ်ပြိုင်ကာ Live Show အဆင့်ကို ဆက်လက်တက် ရောက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

နော်ဇာလီက “ရွှေတောင်ပံ”သီချင်းနဲ့ အကောင်းဆုံးယှဉ်ပြိုင်အစွမ်းပြသွားခဲ့တာ ဖြစ်ပြီး ဒီအဆင့်မှာတော့ ပရိသတ်တွေက မဲပေးမှုအများဆုံး ပြိုင်ပွဲဝင်တယောက်နဲ့ သက်ဆိုင်ရာ Coach က ထပ်မံရွေးချယ်တဲ့ ပြိုင်ပွဲဝင်တယောက်ကိုသာ ထပ်မံပြီးတော့ ရွေး ချယ်တာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင် ၄ ယောက်လုံးရဲ့ သီဆိုယှဉ်ပြိုင်မှုအဆုံးမှာတော့ ပြိုင်ပွဲဝင် N Oo L က ပရိသတ်မဲအများဆုံးနဲ့ နောက်တဆင့် တက်ရောက်ခဲ့ကာ Coach R. ဇာနည်က ကျန်ရှိနေတဲ့ ပြိုင်ပွဲဝင်တွေထဲက ဆလိုင်းတီလျန်ကို ထပ်မံရွေးချယ်ခဲ့တာပါ။

ဒါကြောင့်မို့ Team R ဇာနည်ရဲ့ အဖွဲ့ထဲက သူတို့ ၂ ယောက်ကတော့ နောက်ထပ်တဆင့် တက်ရောက်သွားခဲ့ပြီဖြစ်ကာ နော်ဇာလီနဲ့ Janus တို့ကတော့ ဒီအဆင့်ကနေ နှုတ်ဆက်အိမ်ပြန်ခဲ့ရပြီ ဖြစ်ပါတယ်။

မနှစ်က Season 2 မှာတော့ Coach ၄ ယောက်ရဲ့ အဖွဲ့ ၄ ဖွဲ့ထဲက ပြိုင်ပွဲဝင် နိုဗန်ထူး၊ ဟေဇယ်လ်၊ ပေါလ်အော်စတင်နဲ့ မယ်လိုဒီခေါင်တို့က နောက်ဆုံးအဆင့်ထိ ရောက်ရှိလာခဲ့ကြပြီး ပြိုင်ပွဲတလျှောက် ရော့ခ်မက်တယ်လ်သီချင်းတွေနဲ့ အစွမ်းပြ ယှဉ်ပြိုင်ခဲ့သူ နိုဗန်ထူးက ဆုရရှိသွားခဲ့တာပါ။

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar Season 1 သီချင်းဆိုပြိုင်ပွဲမှာလည်း Winner ဆုရှင်ဟာ Coach လင်းလင်းရဲ့ အဖွဲ့ထဲက အမျိုးသား ပြိုင်ပွဲဝင် ငွေစိုးက ရရှိခဲ့တာမို့ နိုဗန်ထူးဟာ ဒုတိယမြောက် ဆုရရှိတဲ့ အမျိုးသား ပြိုင်ပွဲဝင် Winner တယောက်ဖြစ်လာခဲ့တာပါ။

လာမယ့် တပတ်မှာ ယှဉ်ပြိုင်ကြမယ့် Live Show အဆင့်မှာရော ကျန်ရှိနေသေးတဲ့ သက်ဆိုင်ရာ Coach တွေရဲ့ အဖွဲ့တွေထဲက ပြိုင်ပွဲဝင်တွေက ဘယ်လို အကြိတ်အနယ် ယှဉ်ပြိုင်ကြဦးမလဲ၊ ဘယ်သူတွေက နောက်တဆင့် တက်သွားမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013