DVB Logo
Home
ကျန်းမာရေး
နွေဦးပြည်သူတို့အတွက် အင်ကြင်းပင် ဆေးဖက်ဝင်
DVB
·
March 18, 2026
နွေဦးပြည်သူတို့အတွက် အင်ကြင်းပင် ဆေးဖက်ဝင်
Donate to DVB

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် အင်ကြင်းပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။ အင်ကြင်းပင်ကို သိပ္ပံလို Shorea robusta လို့ခေါ်ပြီး အင်္ဂလိပ်လို Shorea robusta, the sal tree, sāla, shala, sakhua, sarai လို့ခေါ်ကြပါတယ်။

အင်ကြင်းပင်မှာ alkaloids, carbohydrates, flavonoids, glycosides, phenols, saponins, tannins, terpenoids, dipterocarpol, nor-triterpene, dammarenolic acid, asiatic acid,  triterpenic acid, tannic acid, ursolic acid, oleanane, Shorea Phenol and phenolic content, chalcone, glycoside 4 hydroxychalcone- a’ -O-beta-D-glucopyranoside, apolyphenol-hopeaphenol, leucoanthocyanidin, စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းတွေပါဝင်ပါတယ်။

အင်ကြင်းပင်ဟာ ဓာတ်တိုးဆန့်ကျင်ခြင်း၊ အကိုက်အခဲပျောက်ဆေး အာနိသင်ရှိခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ဘက်တီးရီးယားပိုးသတ်ဆေး/မှိုသတ်ဆေး အာနိသင်ရှိခြင်း၊ အစာခြေဖျက်ခြင်း၊ ချွဲထုတ်ခြင်း၊ ပန်းနာရင်ကျပ် ဆန့်ကျင်ခြင်း၊ ဆီးကျိတ်ကိုဆန့်ကျင်ခြင်း၊ သွေးတွင်းအဆီကို လျှော့ချပေးခြင်း၊ အသည်းကို ကာကွယ်ပေးခြင်း၊ အနာကျက်စေခြင်း၊ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း၊ ချွဲပျော်စေခြင်း၊ ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူပြုခြင်း စတဲ့အစွမ်းအာနိသင်ရှိပါတယ်။

ဝမ်းကိုက်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဝမ်းလျောခြင်း၊ ဝမ်းသွားခြင်းနဲ့ အူလမ်းကြောင်း ရောင်ရမ်းခြင်းတို့အတွက် အင်ကြင်းခေါက်မှုန့် ကော်ဖီဇွန်းဝက်/အခေါက်ပြုတ်ရည် ရေနွေးကြမ်း ပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။ ဝမ်းသွားတဲ့ အကြိမ်ရေကို ထိရောက်စွာ လျှော့ချပေးပြီး ဝမ်းကိုက်ခြင်းကို သက်သာစေတဲ့အပြင်  အစာလမ်းကြောင်း မအီမသာဖြစ်ခြင်းကို သက်သာစေပြီး အစာခြေခြင်းကိုလည်း ကူညီပေးပါတယ်။

အမျိုးသမီးတွေ ရာသီသွေးတွေ ပြင်းထန်စွာထွက်ခြင်းအတွက် အင်ကြင်းခေါက်ပြုတ်ရည် ရေနွေးကြမ်း ပန်းကန်တဝက်ကို သကြားကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။ ထိခိုက်ရှနာတွေ သွေးထွက်ခြင်းအတွက် အင်ကြင်းပင်မှ အစေးကို ထည့်ပေးခြင်းဖြင့် သွေးထွက်ခြင်းကို သက်သာစေပါတယ်။

အင်ကြင်းအစေးမှာ ဇီဝဗေဒဆိုင်ရာ ဓာတ်ပေါင်းတွေက သဘာဝအကိုက်အခဲပျောက်ဆေးတွေနဲ့ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း အာနိသင်ရှိပြီး အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ထိခိုက်နာကျင် ရောင်ရမ်းခြင်းတွေမှာ အစေးကို ပြင်ပလိမ်းဆေးအဖြစ် အသုံးပြုခြင်းဖြင့် သက်သာစေပါတယ်။

အင်ကြင်းပင်ဟာ အနာကျက်စေခြင်း ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်းနဲ့ ပိုးသတ်ဆေး အာနိသင် ရှိတာကြောင့် အစေးကို ဒဏ်ရာတွေ၊ မီးလောင်ဒဏ်ရာတွေနဲ့ အနာတွေအတွက် ပြင်ပလိမ်းဆေးအဖြစ် အသုံးပြုခြင်းဖြင့် ဒဏ်ရာတွေကို သက်သာပျောက်ကင်းစေပြီး ရောဂါပိုးမွှားတွေ ကို ကာကွယ်ပေးပါတယ်။

အစာအိမ်ရောင်ခြင်း၊ အစာအိမ်နာဖြစ်ခြင်းအတွက် အင်ကြင်းခေါက်မှုန့် ကော်ဖီဇွန်းဝက်ကို ပျားရည်ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။ အချဉ်ဓာတ်ကို လျှော့ချပေးပြီး အစာအိမ်နံရံဒဏ်ရာတွေကို သက်သာစေကာ အစာခြေစနစ်ကျန်းမာရေးကို မြှင့်တင်ပေးနိုင် ပါတယ်။

ဆီးမထိန်းနိုင်ခြင်း၊ ဆီးသွားစဉ် နာကျင်ခြင်း၊ ပူလောင်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း စတဲ့ ဆီးလမ်းကြောင်းဆိုင်ရာအတွက် အင်ကြင်းပင်အစေး ကော်ဖီဇွန်းဝက်ကို ကျောက်ဖရုံသီးပြုတ်ရည် ရေနွေးကြမ်းပန်းကန် ၁ ခွက်နဲ့ တနေ့ ၂ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

အင်ကြင်းရွက်နဲ့ အခေါက်မှာ flavonoid ကြွယ်ဝခြင်း၊ အမျှင်ဓာတ် ပါဝင်မှုတို့ကြောင့် အဆီလောင်ကို ကျွမ်းစေခြင်း၊ သွေးတွင်းမကောင်းတဲ့အဆီကို လျော့ကျစေခြင်းနဲ့ ဇီဝဖြစ်ပျက်မှုကို ကူညီပေးတဲ့အတွက် အဝလွန်ခြင်းမှာ အင်ကြင်းရွက်/အခေါက် အမှုန့် ကော်ဖီ ၁ ဇွန်းကို အစာစားပြီးနောက် တနေ့ ၂ ကြိမ်ခန့် သောက်ပေးခြင်းဖြင့် ရုတ်တရက် ဆာလောင်မှုနဲ့ အလွန်အကျွံ စားသုံးခြင်းကို တားဆီးပေးကာ ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အကူ ဖြစ်စေပါတယ်။ 

အင်ကြင်းပင် အစေးဟာ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ဇီဝပိုးသတ်ဆေး၊ ပန်းနာရင်ကျပ် ဆန့်ကျင်ခြင်း၊ ချွဲပျော်စေခြင်းနဲ့ ပိုးသတ်ဆေး အာနိသင်များ ရှိတာကြောင့် ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေမှာ အစေး ကော်ဖီဇွန်းဝက်ခန့်ကို ရေနွေးနဲ့ တနေ့ ၁-၂ ကြိမ် သောက်ပေးခြင်းဖြင့်  အသက်ရှူလမ်းကြောင်းကို ရှင်းစေပြီး ယားယံခြင်းကို သက်သာစေပါတယ်။  

အင်ကြင်းပင် သစ်စေးနဲ့ အခေါက်မှာ ဓာတ်တိုးဆန့်ကျင်ခြင်းနဲ့ အဏုဇီဝပိုးသတ်ဆေး အာနိသင်ရှိတာကြောင့် အင်ကြင်းခေါက်မှုန့် ကော်ဖီ  ၁ ဇွန်းကို ပျားရည်ကော်ဖီ ၁ ဇွန်းနဲ့ ညအိပ်ချိန် သောက်သုံးပေးခြင်းက ရောဂါပိုးတွေကို တိုက်ဖျက်ကာ ဓာတ်တိုးဖိအားကို လျှော့ချပေးတာကြောင့် ခန္ဓာကိုယ်ခုခံအားကို မြှင့်တင်ပေးကာ ကျန်းမာရေးနဲ့ ခံနိုင်ရည်အားကို တိုးတက်စေပါတယ်။

ခံတွင်းအနာတွေ သွားဖုံးရောင်ရမ်းနာကျင်ခြင်းတွေမှာ အင်ကြင်းခေါက်ပြုတ်ရည်ကျကျကို ငုံဆေးအဖြစ် အသုံးပြုခြင်းဖြင့် သက်သာစေပါတယ်။

ဝက်ခြံ၊ ကြွက်နို့၊ အနာစိမ်း၊ နှင်းခူ၊ အရည်ကြည်ဖု၊ ယားယံခြင်း စတဲ့ အရေပြားပြဿနာတွေမှာ အင်ကြင်းခေါက်သွေးရည်ကို လိမ်းပေးနိုင်ပါတယ်။

အင်ကြင်းဆီကို နှမ်းဆီ၊ အုန်းဆီဖြင့် စပ်ပြီး ဦးရေပြားမှာ လိမ်းပေးခြင်းဖြင့် ဆံပင်ကျွတ်ခြင်းနဲ့ အရွယ်မတိုင်မီ ဆံပင်ဖြူခြင်းကို ကာကွယ်ပေးပြီး ဗောက်တွေကို ရှင်းလင်းစေကာ ဦးရေပြားနဲ့ ဆံပင်ကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။

အင်ကြင်းရွက်ကို ကြိတ်ချေပြီး ဒဏ်ရာ၊ အမာရွတ်တွေမှာ လိမ်းပေးခြင်းဖြင့် အနာကျက်မြန်စေပြီး အမာရွတ်တွေကို လျှော့ချပေးပါတယ်။

အင်ကြင်းပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ စားသုံးတာက ဝမ်းချုပ်ခြင်း၊ လေထိုးခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ အင်ကြင်းပင်နဲ့ ဓာတ်မတည့်သူတွေမှာ အဖုအပိမ့် ဖြစ်ခြင်း၊ ယားယံခြင်းတို့ကို ဖြစ်စေနိုင်တာကြောင့် အင်ကြင်းပင်နဲ့ ဓာတ်မတည့်သူတွေ အင်ကြင်းပင်ထွက်ပစ္စည်းတွေကို ရှောင်ကြဉ်ပါ။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ သံအင်ကြင်းပင် သုံးစွဲခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

နွေဦးပြည်သူတွေ အင်ကြင်းပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
နွေဦးပြည်သူတို့အတွက် အင်ကြင်းပင် ဆေးဖက်ဝင်