တပ်မတော်က ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၁ ဦးကို ပုဒ်မ ၆၆ (ဃ) ဖြင့် ထပ်မံတရားစွဲ
DVB
·
November 27, 2020

ဧရာ၀တီတိုင်း၊ မအူပင်မြို့နယ်တရားရုံးမှာ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ဇေယျာလွင်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ ထပ်မံတရားစွဲဆိုပြီး နိုဝင်ဘာ ၂၆ ရက်နေ့က ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ဇေယျာလွင်ကို တပ်မတော်က ၆၆ (ဃ)နဲ့ တရားစွဲဆိုထားတာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်နိုင်အောင် PPE ဝတ်စုံဝင်ဆင်ပေးပြီး ရုံးထုတ်ခဲ့တာပါ။
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်က "ဒီတခါထပ်ဆွဲတာက ၆၆ ဃ နဲ့ စွဲတာပါ။ ခုလောလောဆယ်သိရတာတော့ မအူပင်မှာပဲ စွဲထားတယ်လို့သိရပါတယ်။ တခြားမြို့နယ်တွေမှာ စွဲတာမျိုးတော့ မရှိသေးပါဘူး" လို့ ပြောပါတယ်။
ပြီးခဲ့တဲ့အခါမှာထဲက ဧရာဝတီတိုင်းမှာ တရားစွဲဆိုမှုတွေကို ပေါင်းစွဲတာမဟုတ်ဘဲ ၄ လလောက် ကြာမှ ထပ်မံတရားစွဲဆိုတာဟာ သွေးရိုးသားရိုး မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်ကို အင်းစိန်ထောင်ကို ပြန်မပို့နိုင်သလို မအူပင်ထောင်မှာလည်း မထားဘဲ ရဲစခန်းအချုပ်မှာသာ နေခိုင်းထားတယ်လို့ သိရပါတယ်။
မအူပင်မြို့နယ်တရားရုံးမှာ တပ်မတော်က ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုခံရလို့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၃ ဦးဖြစ်တဲ့ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနဲ့ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေတို့ကို ဇွန်လ ၁၁ ရက်နေ့က ရုံးထုတ်ခဲ့ပြီး ထောင်ဒဏ် ၁ နှစ် အမိန့်ချမှတ်ခဲ့ပါတယ်။
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ ၂၀၁၉ ခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းနဲ့ ဧရာ၀တီတိုင်းအတွင်းက မြို့နယ်တွေမှာ သံချပ်တွေလှည့်လည်ဖျော်ဖြေခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှုအပါအ၀င် ဆက်သွယ်ရေးဥပဒေတွေနဲ့ တရားစွဲခံခဲ့ရတာပါ။
မင်းထက်မုန်း(ပုသိမ်)