
အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သမက် ဒေါက်တာနေစိုးမောင်ကို နိုဝင်ဘာ ၆ ရက်မှာ ပြည်ကြီးတံခွန်မြို့နယ်ရဲစခန်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ ထပ်မံ အမှုဖွင့်ပြီး ရုံးတင်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ဒေါက်တာနေစိုးမောင်ကို အင်းစိန်အကျဥ်းထောင်ကနေ နိုဝင်ဘာ ၄ ရက်မှာ အိုးဘိုအကျဥ်းထောင်သို့ ပြောင်းရွှေ့ပြီး ပုဒ်မ ၆၆ (ဃ) အတွက် ထောင်တွင်းတရားရုံးမှာ ဆက်လက်စစ်ဆေးနေတာလို့ တရားရုံးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။
“ပြည်ကြီးတံခွန်ကဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ အမှုထပ်ဖွင့်လို့ ၄ ရက်နေ့က အင်းစိန်ကနေ အိုးဘိုကို ရွှေ့လိုက်တာ။ ပုဒ်မ ၆၆ အတွက် အိုးဘိုထောင်တွင်း တရားရုံးမှာစစ်နေတယ်။”
အခုနှစ် ဇန်နဝါရီက ပုဒ်မ ၅၀၅ (က) နဲ့ ထောင် ၃ နှစ် အမိန့်ချထားတဲ့ ဒေါက်တာနေစိုးမောင်ကို လက်ကျန်အမှုတွေ စစ်ဆေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဧပြီလအတွင်းက အင်းစိန်ထောင်ကို ပြောင်းခဲ့ပေမဲ့ ပြည်ကြီးတံခွန်မြို့နယ်က အမှု ထပ်ဖွင့်တာကြောင့် အမှုရင်ဆိုင်ဖို့ အိုးဘိုထောင်ကို ပြောင်းရတာလို့လည်း တရားရုံးနဲ့ နီးစပ်သူက ပြောပါတယ်။
ရန်ကုန်၊ မရမ်းကုန်းမြို့နယ်မှာနေထိုင်တဲ့ ဒေါက်တာနေစိုးမောင်ကို စစ်ကောင်စီက နိုင်ငံတော် တည်ငြိမ်းအေးချမ်းရေးကို ပျက်ပြားစေဖို့ ရည်ရွယ်ပြီး လူမှုကွန်ရက်မှာ လှုံ့ဆော်ဝါဖြန့်တယ်လို့ဆိုကာ ပြည်ကြီးတံခွန်မြို့နယ်မှာ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၃ ရက်က ဖမ်းဆီးပြီး အဲ့ဒီမြို့နယ်ရဲစခန်းမှာ ပုဒ်မ ၅၂ (က)၊ ၁၂၄-က၊ ပုဒ်မ ၅၀၅ -က၊ပုဒ်မ ၃၃ (က) တို့နဲ့ ကနဦး အမှုဖွင့်ခဲ့ပေမဲ့ ပုဒ်မ ၅၀၅ (က)နဲ့ အမိန့်ချခဲ့တာပါ။
ဒေါက်တာနေစိုးမောင်က မင်္ဂလာဒုံ ဆေးရုံအုပ်ကြီးနဲ့ အငြိမ်းစား ဗိုလ်မှူးကြီးတယောက်ဖြစ်သလို သူ့ရဲ့ ဖခင်က ဗိုလ်မှူးချုပ်တင်စိန်ဖြစ်ပြီး ယောက္ခမဖြစ်သူကတော့ စစ်အာဏာရှင်ဟောင်း ကာကွယ်ရေးဦးစီးချုပ်(ငြိမ်း) ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖြစ်ပါတယ်။
လူမှုကွန်ရက်မှာ စစ်တပ်ကို ဝေဖန်ခဲ့လို့ ဖမ်းဆီးခံရသူတွေထဲမှာ ပြန်ကြားရေးဒုဝန်ကြီးဟောင်း အငြိမ်းစားဒုဗိုလ်မှူးကြီး ရဲထွဋ်နဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း အငြိမ်းစားဒုဗိုလ်မှူးကြီး ကျော်ဇေယျတို့လည်း ပါဝင်ပါတယ်။











