DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိပါက ကျန်းမာရေးဝန်ထမ်းနှင့် ရောဂါအခံရှိသူများကို ဦးစားပေး ထိုးနှံမည်
DVB
·
November 26, 2020
ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိပါက ကျန်းမာရေးဝန်ထမ်းနှင့် ရောဂါအခံရှိသူများကို ဦးစားပေး ထိုးနှံမည်
Donate to DVB

ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ရရှိပါက ကျန်းမာရေးဝန်ထမ်း၊ သက်ကြီးရွယ်အိုနဲ့ ရောဂါအခံရှိသူတွေကို ဦးစားပေး ထိုးနှံပေးသွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

မနေ့က ကျင်းပတဲ့ မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီရဲ့ ပထမအကြိမ်အစည်းအဝေးမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့တာပါ။

 ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ စတင်ရရှိတဲ့အခါ လူနာတွေကို ကိုင်တွယ်ကုသပေးနေရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေလို ရောဂါ ကူးစက်နိုင်ချေများပြားသူတွေ၊ အသက်အရွယ်ကြီးပြီး ရောဂါအခံရှိသူတွေ၊ နေရာဒေသအလိုက် ရောဂါ ကူးစက်ပျံ့နှံ့မှုပါအဝင် အခြေအနေအရပ်ရပ်ကို ဘက်စုံခြုံငုံစဉ်းစားကာ ဦးစားပေးထိုးနှံမယ့် အုပ်စုတွေ သတ်မှတ်ထိုးနှံသွားမှာဖြစ်ပြီး  ကာကွယ်ဆေးအရေအတွက် ပိုမိုရရှိလာပါက အဆင့်ဆင့်တိုးချဲ့ ထိုးနှံသွားမှာဖြစ်ပါတယ်။

 မြန်မာနိုင်ငံမှာ အရည်အသွေးပြည့်ဝတဲ့ ကာကွယ်ဆေးများ ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံနိုင်ဖို့ ရန်ပုံငွေ အဓိကထောက်ပံ့ပေးနေတဲ့ Gavi, The Vaccine Alliance အဖွဲ့အနေနဲ့ COVAX Facility မှတစ်ဆင့် နိုင်ငံလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းအတွက် ကိုဗစ်ကာကွယ်ဆေးအား အထူးသက်သာသောနှုန်းထား (သို့မဟုတ်) အခမဲ့ရနိုင်ရေး ဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။

 မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရရှိနိုင်ရေးအတွက် Gavi, The Vaccine Alliance အဖွဲ့၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့နဲ့ အချိန်နဲ့ တပြေးညီ ဆွေးနွေးညှိနှိုင်းနေတယ်လို့ ဝန်ကြီးက ပြောပါတယ်။

ကမ္ဘာ့နိုင်ငံအားလုံးမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို လိုအပ်နေတာကြောင့် အပြိုင်အဆိုင်ဝယ်ယူဖို့ ကြိုးပမ်းနေပြီး မြန်မာနိုင်ငံတဝန်းလုံး ကာကွယ်ဆေးထိုးနှံခြင်း လွှမ်းခြုံမှုမှာ ကာကွယ်ဆေးရရှိမှုပမာဏအပေါ်မူတည်တာကြောင့် လူထုအတွင်း ရောဂါခုခံကာကွယ်နိုင်မှု ပမာဏအင်အား (herd immunity) ကို အချိန်တိုအတွင်း ရရှိနိုင်ဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ လက်ရှိရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးစည်းကမ်းတွေ လပေါင်းများစွာ မဖြစ်မနေ အရှိန်အဟုတ်တိုးမြှင့် ဆက်လက် လုပ်ဆောင်ကြဖို့ ဝန်ကြီးက တိုက်တွန်းပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ပိုမိုရရှိထိုးနှံနိုင်ဖို့ နိုင်ငံတော် ဘဏ္ဍာငွေ၊ Gavi, the vaccine alliance က ထောက်ပံ့ငွေနဲ့ ကမ္ဘာ့ဘဏ်ချေးငွေတို့ အသုံးပြုကာ ဝယ်ယူမှာဖြစ်ပြီး ပုဂ္ဂလိကဆေးရုံတွေနဲ့ ဆေးခန်းတွေမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ဖို့လည်း စနစ်တကျလမ်းညွှန်ချက်တွေ အမြန်ဆုံးချမှတ်ပြီး ခွင့်ပြုပေးသွားမယ်လို့ ဆိုပါတယ်။

ခွင့်ပြုရာမှာ အာနိသင်မပြည့်ဝတဲ့ ကာကွယ်ဆေးတွေမဖြစ်စေဖို့၊ ကိုဗစ်-၁၉ ကာကွယ်ဆေးမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြုတဲ့ (ဒါမှမဟုတ်) သက်ဆိုင်ရာနိုင်ငံရဲ့ FDA တွေက အရေးပေါ်သုံးစွဲခွင့် ရရှိထားတဲ့ ကာကွယ်ဆေးတွေကို အသုံးပြုခွင့်ပေးမှာဖြစ်ပြီး အရည်အသွေးနဲ့ အာနိသင် အာမခံချက်မရှိတဲ့ ကာကွယ်ဆေးတွေ လုံးဝအသုံးပြုခွင့် မပေးဘူးလို့ ဝန်ကြီးက ပြောပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရွေးချယ်ရာမှာ ကာကွယ်ဆေးထိုးနှံပြီး နောက်ဆက်တွဲဖြစ်ရပ် အနည်းဆုံးဖြစ်တဲ့၊ သယ်ယူပို့ဆောင်ရာမှာ နိုင်ငံအခြေအနေနဲ့ ကိုက်ညီတဲ၊ ဓာတ်ခွဲခန်းနဲ့ သုတေသနလေ့လာစမ်းသပ်ရာမှာ စွမ်းရည်ထက်မြက် (efficacy) ရုံသာမက လက်တွေ့ ပြင်ပမှာ စွမ်းရည်ထက်မြက်တဲ့ဆေးကို ရွေးချယ်အသုံးပြု သွားမယ်လို့ ဆိုပါတယ်။

ကမ္ဘာ့နိုင်ငံတွေနဲ့ ကုမ္ပဏီတွေ လက်တွေ့စမ်းသပ်နေတဲ့ ကိုဗစ်ကာကွယ်ဆေးတွေအနက် အတိုင်းအတာတခုထိ အောင်မြင်မှုလမ်းစတွေ့နေတဲ့ ကာကွယ်ဆေးအချို့ဟာ အလွန်အမင်းအေးသော အအေးလမ်းကြောင်းသိုလှောင်မှု (အနုတ် ၇၀ ဒီဂရီစင်တီဂရိတ်) နဲ့ ထားရှိရမှာဖြစ်လို့ အဲဒီအအေးလမ်းကြောင်းသိုလှောင်မှုစနစ်ကို ရရှိနိုင်ရေးအတွက် လိုအပ်တာတွေ ဝယ်ယူဖို့ စီစဉ်ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

ကာကွယ်ဆေးထိုးနှံမှုနဲ့ပတ်သက်ပြီး  အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့နဲ့ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်တို့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ Gavi, The Vaccine Alliance အဖွဲ့တို့နဲ့ အမြဲဆက်သွယ်ချိတ်ဆက်နေပြီး ကာကွယ်ဆေးဆိုင်ရာ သတင်းတွေ အမြဲမပြတ်သိရှိနိုင်ဖို့ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်မှာ စောင့်ကြပ်ကြည့်ရှုရေး အဖွဲ့တခု တာဝန်ပေးသွားမယ်လို့ ဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၂၅ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၈၃,၅၆၆   ယောက်၊ သေဆုံးသူ ၁,၈၁၀ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၆၃,၃၆၆  ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013