DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)ထံ ဒုတိယအကြိမ် အစီရင်ခံစာတင်သွင်း
DVB
·
November 25, 2020
မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)ထံ ဒုတိယအကြိမ် အစီရင်ခံစာတင်သွင်း
Donate to DVB

ရခိုင်ပြည်နယ်မှာ လူမျိုးတုံးသတ်ဖြတ်မှုတွေရှိခဲ့တယ်လို့ စွပ်စွဲပြီး  ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့အမှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံက  အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ထံ နိုဝင်ဘာ ၂၃ ရက်က  ဒုတိယအကြိမ် အစီရင်ခံစာ တင်သွင်းလိုက်ပါတယ်။

ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ မြန်မာအစိုးရနဲ့   ICJ တရားရုံးက ခုအချိန်အထိ လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်းမပြုဘဲ လျှို့ဝှက်ထားတဲ့အတွက် အစီရင်ခံစာမှာ ဘာတွေပါလဲဆိုတာ မသိရသေးပါဘူး။ 

ရခိုင်ပြည်နယ်အတွက် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE)ရဲ့ အစီရင်ခံစာပါ ဖြစ်စဉ် ၁၃ ခုနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်ထဲမှာ ARSA နဲ့ အလိုတူပူးပေါင်းပါဝင်သူတွေ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတိုင်းရင်းသားတွေ ကျူးလွန်ခဲ့တဲ့ အမှုပေါင်း ၁၃၉ မှု ရှိပြီး  ၁၁၀ မှုကို အရေးယူထားတယ်လို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးက  နိုဝင်ဘာ ၂၃ ရက်နေ့မှာပဲ   ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ခုလို ဒုတိယအကြိမ် အစီရင်ခံစာတင်သွင်းတာနဲ့ ပတ်သက်ပြီး ကြိုဆိုတဲ့ အကြောင်း ဒါပေမဲ့ တရားရုံးမှာ အချိန်မီ အစီရင်ခံစာတင်သွင်းရုံနဲ့တော့ မလုံလောက်သေးဘူးလို့  Global Justice Center က ဥပဒေရေးရာဒါရိုက်တာ ဂရန့်ရှူဘင်က ကြေညာချက် ထုတ်ပြန် ပြောပါတယ်။

ICJ တရားရုံးက  ကြားဖြတ်အစီအမံအမိန့်ချပြီးကတည်းက မြန်မာအနေနဲ့  ခွဲခြားနှိမ်ချမှုတွေရဲ့ အခြေခံအကြောင်းတရားတွေကိုဘာမှ အရေးယူဆောင်ရွက်တာမရှိသလို အပြစ်ကျူးလွန်သူတွေ ဒဏ်ခတ်မခံရတဲ့အတွက် ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအန္တရာယ်ဆက်ရှိနေတယ်လို့  ဂရန့်ရှူဘင်က ပြောပါတယ်။ 

 ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့ ဒီအမှုနဲ့ ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ လိုက်နာဆောင်ရွက်ဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့မှာ ICJ တရားရုံးက ကြားဖြတ်အစီအမံ ၄ ချက် ချမှတ်ခဲ့ပါတယ်။

ကြားဖြတ်အစီအမံ ၄ ချက်ကတော့ (၁) လူမျိုးတုံး သတ်ဖြတ်မှုတားဆီးရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက် အပိုဒ် (၂) မှာ ဖော်ပြထားတဲ့ ကျူးလွန်မှုတွေ ဖြစ်မလာအောင် မြန်မာနိုင်ငံအနေနဲ့ အကာအကွယ်ပေးရေး အစီအမံတွေဆောင်ရွက်သွားဖို့၊ (၂) မြန်မာစစ်တပ် ဖြစ်စေ ပြည်သူ့စစ်အဖွဲ့ဖြစ်စေ အခြားအဖွဲ့အစည်းတခုခုကဖြစ်စေ ဂျီနိုဆိုဒ်စာချုပ် အပိုဒ်(၂)ပါ လူမျိုးတုန်းသတ်ဖြတ်မှုမြောက်တဲ့ လုပ်ရပ်တွေ မကျူးလွန်ဖို့၊ (၃) သက်သေအထောက်အထား တွေကို မဖျက်ပစ်ဖို့ (၄) ဂျီနိုဆိုဒ်သဘောတူညီချက်ကို ချိုးဖောက်မှုရှိမရှိ တရားရုံးက စစ်ဆေးနေစဉ်မှာ  မြန်မာနိုင်ငံဘက်က  ဆောင်ရွက်မှု တိုးတက်မှုဖြစ်စဉ်ကိုလည်း ၄ လအတွင်း တရားရုံးကို အစီရင်ခံစာတင်ဖို့နဲ့ နောက်ပိုင်းမှာ ၆ လ တကြိမ် ပုံမှန်အစီရင်ခံစာတင်ဖို့ တွေပါဝင်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်တဲ့ ပထမဆုံးအကြိမ် အစီရင်ခံစာကိုတော့ မြန်မာအစိုးရက  ပြီးခဲ့တဲ့ မေလ ၂၃ ရက်က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ထံ တင်သွင်းခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013