DVB Logo
Home
မြန်မာသတင်း
မြန်မာဘက်ကတင်သွင်းသည့် ကနဦးကန့်ကွက်ချက်အားလုံးကို ပယ်ချပေးရန် ဂမ်ဘီယာတောင်းဆို
DVB
·
February 28, 2022
မြန်မာဘက်ကတင်သွင်းသည့် ကနဦးကန့်ကွက်ချက်အားလုံးကို ပယ်ချပေးရန် ဂမ်ဘီယာတောင်းဆို
1 / 7
Donate to DVB

မြန်မာဘက်က တင်သွင်းထားခဲ့တဲ့ ကနဦးကန့်ကွက်ချက်တွေ အားလုံးကို ပယ်ချပေးဖို့နဲ့   မူလပင်မအမှုအဖြစ်တဲ့  ဂျီနိုဆိုက်စာချုပ်ဖောက်ဖျက်မှုကို  ဆက်လက်ကြားနာစစ်ဆေးဖို့ ဂမ်ဘီယာ ကိုယ်စားလှယ် ရှေ့နေချုပ် တရားရေးဝန်ကြီး  ဒေါဒါဂျဲလိုးက ICJ တရားရုံးကို တိုက်တွန်း တောင်းဆို လိုက်ပါတယ်။

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံအပေါ်တရားစွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံရဲ့ ကိုယ်စားလှယ်တွေက  နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ ဖေဖော်ဝါရီ ၂၈ ရက် ဒီကနေ့   ဒုတိယအကျော့ တင်ပြ လျှောက်လဲရာမှာ တောင်းဆိုလိုက်တာဖြစ်ခဲ့ပါတယ်။

ဂမ်ဘီယာဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ နိုင်ငံတကာရှေ့နေ ပေါလ်ရီချလာက လျှောက်လဲရာမှာတော့ ဒီအမှုကို ICJ မှာ ဂမ်ဘီယာကတရားစွဲဖို့  အိုအိုင်စီက ထောက်ပံ့ပေးတယ်ဆိုတာ လုံးဝမဟုတ်ကြောင်း၊ ဒီလို တရားစွဲဖို့ ဆုံးဖြတ်ချက်ဟာ ဘယ်သူက အကြံပြုတယ်ဆိုတာ အဓိကမကျဘူးတဲ့အကြောင်း၊ မြန်မာဘက်က အချိန် ၄ နာရီခွဲလောက် တရားရုံးမှာလျှောက်လဲခဲ့ရာမှာ ရိုဟင်ဂျာဆိုတဲ့ စကားကို တကြိမ်တခါတောင် မပြောနိုင်ခဲ့ကြောင်း လျှောက်လဲပြောကြားသွားပါတယ်။

ဂျီနိုဆိုက်နိုင်ငံတကာသဘောတူညီချက်နဲ့ပတ်သက်ပြီး မြန်မာရဲ့ အဓိပ္ပါယ်ကောက်ယူမှုဟာ မမှန်ကန်ရုံမက အန္တရာယ်ရှိတဲ့အကြောင်း  ဒါကိုလက်ခံလိုက်မယ်ဆိုရင် ကွန်ဗန်းရှင်းမှာ ပါဝင်တဲ့နိုင်ငံတွေအနေနဲ့ သူ့နိုင်ငံသားတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် သဘောတူစာချုပ်ကို လိုက်နာစရာမလိုတော့သလိုဖြစ်သွားမှာဖြစ်ပြီး  ဒီစာချုပ်ဟာလည်း ဘာမှ အသက်မရှိတဲ့ စာသက်သက်ဖြစ်သွားလိမ့်မယ်လို့လည်း ဂမ်ဘီယာရှေ့နေက ပြောပါတယ်။  

ဒီအမှုနဲ့ပတ်သက်ပြီး အခု ဒုတိယအကြိမ် ကြားနာပွဲကို   ဖေဖော်ဝါရီ ၂၁ ရက်မှ  ၂၈ ရက်အထိ ပြုလုပ်ခဲ့တာဖြစ်ပြီး မြန်မာဘက်က  ဖေဖော်ဝါရီလ ၂၁ ရက်နဲ့ ၂၅ ရက်တွေမှာ  စစ်ကောင်စီ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး  ဦးကိုကိုလှိုင် ဦးဆောင်တဲ့ အဖွဲ့က တက်ရောက် လျှောက်လဲခဲ့ကြပါတယ်။

ဂမ်ဘီယာနိုင်ငံက တင်သွင်းခဲ့တဲ့အမှုအပေါ် တရားရုံးကစီရင်ပိုင်ခွင့် မရှိကြောင်း ဒါမှမဟုတ်    ဂမ်ဘီယာနိုင်ငံအနေနဲ့ တရားစွဲဆိုပိုင်ခွင့်မရှိကြောင်း ကြေညာပေးဖို့ အပြည်ပြည်ဆိုင်ရာ တရားရုံးကို မြန်မာဘက်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက် ရုံးချိန်းမှာ  တောင်းဆိုထားပါတယ်။

မြန်မာနဲ့ ဂမ်ဘီယာ နှစ်နိုင်ငံဘက်က တရားရုံးမှာ နှစ်ကျော့ဆီလျှောက်လဲအပြီးမှာတော့ လိုအပ်တဲ့ အချက်အလက်တွေကို တရားရုံးကတောင်းခံလာပါက ပို့ပေးဖို့နဲ့ အခုကြားနာပွဲနဲ့ ပတ်သက်တဲ့ အဆုံးအဖြတ်ကို နှစ်နိုင်ငံကိုယ်စားလှယ်တွေကို သတ်မှတ်ရက်မှာ အသိပေးမှာဖြစ်တယ်လို့ လည်း အိုင်စီဂျေ တရားသူကြီးက ကြားနာပွဲအဆုံးသတ်မှာ ပြောကြားသွားပါတယ်။ 

၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နဲ့ ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ်ကို ကျူးလွန်ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့  မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ  လွန်ခဲ့တဲ့၂ နှစ်ကျော်က စတင် တရားစွဲဆိုထားတာဖြစ်ပြီး ပထမအကြိမ် ကြားနာမှုကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက ပြုလုပ်ခဲ့ရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013