DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ရွေးကောက်ပွဲနှင့်ဆက်နွှယ်ပြီး အရေးယူထားသည့် အမှုပေါင်း ၁၇၂ မှုရှိ 
DVB
·
November 24, 2020
ဧရာဝတီတိုင်းတွင် ရွေးကောက်ပွဲနှင့်ဆက်နွှယ်ပြီး အရေးယူထားသည့် အမှုပေါင်း ၁၇၂ မှုရှိ 
Donate to DVB

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရဲစခန်းနဲ့ တရားရုံးတွေမှာ အမှုဖွင့် အရေးယူထားရတာ အမှုပေါင်း ၁၇၂ မှုရှိတယ်လို့ တိုင်းရဲတပ်ဖွဲ့က သိရပါတယ်။

အဆိုပါအမှုပေါင်း  ၁၇၂ မှုထဲမှာ  ရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့်ထားတဲ့ အမှု ၆၀ ၊ ရာဇသတ်ကြီးဥပဒေနဲ့ အမှုဖွင့်ထားမှု ၈၆ မှု၊ တခြားဥပဒေနဲ့အမှုဖွင့်ထားမှု ၁၆ မှုနဲ့ တရားရုံး ဦးတိုက်လျှောက်ထားမှု ၁၀ မှု ပါဝင်ပါတယ်။

တိုင်းရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက “ထူးထူးခြားခြား အမှုတွေအနေနဲ့ကတော့ မဲ ၂ ကြိမ် ပေးလို့ အမှုဖွင့်ထားရတာမျိုးတွေ နိုင်ငံခြားရောက်နေတဲ့သူအစား မဲလာပေးလို့ အမှုဖွင့် အရေးယူထားရတာမျိုးတွေ ရှိပါတယ်” လို့ ပြောပါတယ်။

ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တိုင်းရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားတဲ့ အမှုပေါင်းကတော့  ၄၇ မှုရှိပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းတွေကို တိုင်ကြားထားရတယ်လို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောပါတယ်။

အဓိကတိုင်တဲ့အမှုတွေထဲမှာ ကြိုတင်မဲပေးတဲ့အချိန်တွေမှာ အဖြစ်များတာဖြစ်ပြီး ဆရာ၊ ဆရာမတွေ မဲ ၂ ကြိမ်ပေးလို့ အရေးယူတာတွေရှိသလို အသက်မပြည့်သေးဘဲ မဲလာပေးလို့ အရေးယူထားရတာတွေ ရှိတယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောပါတယ်။

“အရင်ရွေးကောက်ပွဲတုန်းက ကော်မရှင်က တရားစွဲဆိုရတာမရှိခဲ့ဘူး။ ပြည်သူတွေက ရဲစခန်းမှာ တိုင်ကြားတာတွေ များတယ်။ ဒီရွေးကောက်ပွဲကတော့ ကော်မရှင်ကနေ အမှုဖွင့် တိုင်ကြားရတာပါ။ ကြိုတင်မဲပေးတဲ့အချိန်မှာ မဲ ၂ ကြိမ်ပေးလို့ ဆရာ၊ ဆရာမတွေနဲ့ အသက်ကြီးတဲ့လူတွေကို အမှုဖွင့်ထားရတာ များပါတယ်။”

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကို တိုင်ကြားလာတဲ့အမှုတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်းတွေမှာ အမှုဖွင့်တိုင်ကြားထားတာ ရှိသလို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုလည်း တင်ပြထားတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲနဲ့ဆက်နွှယ်ပြီး အမှုဖွင့်ထားရမှု အများဆုံး ခရိုင်ကတော့ စုစုပေါင်း ၅၂ မှုနဲ့ ဟင်္သာတခရိုင်ဖြစ်ပြီး ကျန်တဲ့ခရိုင်တွေဖြစ်တဲ့ ပုသိမ်ခရိုင်မှာ ၄၇ မှု၊ ဖျာပုံခရိုင်မှာ ၃၁ မှု၊ မအူပင် ခရိုင်မှာ ၂၅ မှု၊ မြောင်းမြခရိုင်မှာ ၁၃ မှုနဲ့ လပွတ္တာခရိုင်မှာ ၄ မှု အရေးယူထားရတာ ရှိတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲပေးနိုင်တဲ့ မဲဆန္ဒရှင် ၄၆ သိန်းကျော် ရှိတဲ့အနက် လူဦးရေ ၃၆ သိန်းကျော် မဲလာပေးခဲ့ပြီး မဲဆန္ဒနယ် ၉၂ နေရာလုံးကို အန်အယ်လ်ဒီ ပါတီက အနိုင်ရရှိခဲ့ပါတယ်။

သတင်း - မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013