DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် ကိုဗစ်-၁၉ လူနာ ၈၀၀၀၀ ကျော်ရှိလာ၊ ထောင်ချီကူးစက်ခံရသည့် မြို့နယ် ၂၄ မြို့နယ်ရှိလာ 
DVB
·
November 24, 2020
မြန်မာတွင် ကိုဗစ်-၁၉ လူနာ ၈၀၀၀၀ ကျော်ရှိလာ၊ ထောင်ချီကူးစက်ခံရသည့် မြို့နယ် ၂၄ မြို့နယ်ရှိလာ 
Donate to DVB

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာတနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၈၀,၀၀၀ ကျော်လာခဲ့ပြီဖြစ်ကာ ထောင်ချီကူးစက်ခံရတဲ့ မြို့နယ်ပေါင်း ၂၄ မြို့နယ်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီမြို့နယ်တွေထဲမှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်ပေါင်း ၂၂ မြို့နယ် ပါဝင်နေတာဖြစ်ပြီး ရခိုင်ပြည်နယ်က တမြို့နယ်၊ ပဲခူးတိုင်းက တမြို့နယ် ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

ဒီမြို့နယ် ၂၄ ခုထဲမှာတော့ ရန်ကုန်တိုင်း၊ မြောက်ဉက္ကလာပမြို့နယ်က ပိုးတွေ့လူ နာ ၄,၁၆၆ ယောက်နဲ့ အများဆုံးဖြစ်နေပြီး ပိုးတွေ့လူနာ ၃,၀၀၀ ကျော်လာတဲ့ မြို့နယ် ၄ မြို့နယ်နဲ့ ၂,၀၀၀ ကျော်လာတဲ့ မြို့နယ် ၆ မြို့နယ်ထိ ပါဝင်နေတာကို တွေ့ရပါတယ်။

ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၃,၀၀၀ ကျော်လာတဲ့ မြို့နယ် ၄ မြို့နယ်ကတော့ ရန်ကုန် တိုင်းဒေသကြီးအတွင်းက မြို့နယ်တွေဖြစ်ကြတဲ့ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ အင်းစိန်၊ သင်္ဃန်းကျွန်းမြို့နယ်တွေ ဖြစ်ကြပြီး ပိုးတွေ့လူနာဦးရေ ၃,၉၈၆ ယောက်၊ ၃,၆၆၉ ယောက်၊ ၃,၂၅၂ ယောက်၊ ၃,၁၉၇ ယောက်စီ ကူးစက်ခံထားရတာ ဖြစ်ပါတယ်။

ပိုးတွေ့လူနာ ၂,၀၀၀ ကျော်တဲ့ မြို့နယ် ၆ ခုကလည်း ရန်ကုန်တိုင်းမြို့နယ်တွေ ဖြစ်ကြတဲ့ မရမ်းကုန်း၊ ရွှေပြည်သာ၊ လှိုင်၊ သန်လျင်၊ တာမွေ၊ ‌တောင်ဥက္ကလာပမြို့နယ် တွေဖြစ်ကြပြီး ပိုးတွေ့လူနာဦးရေ ၂,၅၂၅ ယောက်၊ ၂,၃၆၀ ယောက်၊ ၂,၂၃၃ ယောက်၊ ၂,၁၃၀ ယောက်၊ ၂,၁၁၄ ယောက်၊ ၂,၀၉၉ ယောက်စီနဲ့ အသီးသီး ကူးစက်ခံထားရတာပါ။

အဲဒီမြို့နယ်တွေနောက်မှာတော့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁,၀၀၀ ကျော်ရှိတဲ့ မြို့နယ်တွေအနေနဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ သာကေတ၊ မင်္ဂလာ တောင်ညွန့်၊ စမ်းချောင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်မြို့တော် စစ်တွေ၊ ဒလ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဗဟန်း၊ ပဲခူးတိုင်းမြို့တော် ပဲခူး၊ လမ်းမတော်မြို့နယ်တွေက အစဉ်လိုက် ၁၄ မြို့နယ်အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး တကျော့ပြန်ကူးစက်မှုတွေနဲ့ အချိန် ၈ လတာ ရှိလာခဲ့ချိန်မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပိုးတွေ့လူနာအရေအတွက် ၈၀,၀၀၀ ကျော် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၂၃ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ တနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း ၈၀,၅၀၅ ယောက်ရှိလာခဲ့ပြီ ဖြစ်ကာ သေဆုံးသူ ၁,၇၆၅ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူစုစုပေါင်း ၅၉,၈၈၈ ယောက် ရှိနေပါတယ်။

ပြည်နယ်နဲ့ တိုင်းအလိုက်ကြည့်မယ်ဆိုရင်တော့ ရန်ကုန်တိုင်းက လူနာအရေအတွက် ၅၉,၀၀၀ ကျော် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပြီး ပိုးတွေ့လူနာ အများဆုံး ဖြစ်ကာ ဒုတိယနေရာမှာတော့ ပဲခူးတိုင်းနဲ့ မန္တလေးတိုင်းတွေက ပိုးတွေ့လူနာ ၄,၀၀၀ ကျော်စီ ရှိနေတာ ဖြစ်ပါတယ်။

ဒီအချက်အလက်တွေကတော့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ စတင်တွေ့ ရှိချိန်ကတည်းက အချိန် ၈ လ ကြာခဲ့ချိန်မှာ ဓာတ်ခွဲနမူနာစုစုပေါင်း ၁ သန်းကျော်ကို စစ်ဆေးမှုတွေအရ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ တရားဝင်ဝက်ဘ်ဆိုက်ဒ် စာမျက်နှာပေါ်မှာ ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အစိုးရအနေနဲ့ အများပြည်သူကို ကျန်းမာရေး အသိပညာပေးမှုတွေ စဉ်ဆက်မပြတ်လုပ်ဆောင်ပေးနေပြီး ပြည်နယ်နဲ့တိုင်းအလိုက် ပါးစပ်နဲ့ နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်တွေကိုလည်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုဟာ တကမ္ဘာလုံး ကပ်ရောဂါအသွင်ဆောင်လာခဲ့ပြီး လက်ရှိအချိန်ထိ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၅၉ သန်းကျော်လာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၁ ဒသမ ၃၉ သန်းကျော်နဲ့ ရောဂါပျောက်ကင်းသက်သာသူ စုစုပေါင်း ၄၀ ဒသမ ၉ သန်း ကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013