
အစ္စရေးအမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘင်ဂီဗာက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို “ငြင်းပယ်”ဖို့နဲ့ ဟစ်ဇ်ဘိုလာအဖွဲ့အပေါ် တိုက်ခိုက်မှုတွေ ဆက်လုပ်ဖို့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို တောင်းဆိုလိုက်ပါတယ်။
ဇွန် ၁ ရက်က X လူမှုကွန်ရက်ပေါ်မှာ ဘင်ဂီဗာက “ခိုင်မာပြတ်သားတဲ့ ဝန်ကြီးချုပ်တယောက်ဟာ ဖြစ်နိုင်ရင် အမေရိကန်သမ္မတကို ‘Yes’ လို့ပြောပြီး လိုအပ်ရင် ‘No’ လို့ ငြင်းရဲရမယ်လို့ ပြောခဲ့ဖူးပါတယ်။ အခုက သမ္မတ ထရမ့်ပ်ကို ‘No’ လို့ ပြောရမဲ့အချိန်ပါပဲ။ အခုချိန်ဟာ ဟစ်ဇ်ဘိုလာ ကို တိုက်ခိုက်ဖို့၊ တိုက်ခိုက်ရေးသမားတွေကို တင်းကျပ်ထားတဲ့ စည်းမျဉ်းတွေ ဖြေလျှော့ပြီး တိုက်ခိုက် ခွင့်ပေးဖို့နဲ့ မြောက်ပိုင်းဒေသကို လုံခြုံမှုပြန်ရအောင် လိုအပ်တာတွေကို လုပ်ရမဲ့အချိန်ပါ” ဆိုပြီး ရေးသား တောင်းဆိုခဲ့တာပါ။
အဲဒီမတိုင်ခင်မှာ ထရမ့်ပ်က အီရန်ကျောထောက်နောက်ခံပြု လစ်ဗျားပြည်သူ့စစ်အဖွဲ့ဖြစ်တဲ့ ဟစ်ဇ်ဘိုလာနဲ့ ကြားခံလူတွေကတဆင့် စကားပြောခဲ့ပြီး အစ္စရေးကို မတိုက်ခိုက်ပါဘူးဆိုတဲ့ ကတိကဝတ်ကို ရရှိခဲ့တယ်လို့ ပြောထားပါတယ်။
ဒါ့အပြင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု နဲ့လည်း စကားပြောခဲ့ပြီးပြီဖြစ်ကြောင်း၊ အစ္စရေးဘက် ကလည်း လစ်ဗျားတောင်ပိုင်းကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ စစ်တပ်တွေကို ပြန်ရုပ်သိမ်းဖို့ သဘောတူထားတယ် လို့လည်း ထရမ့်ပ်က ဆိုပါတယ်။
ဘယ်အမေရိကန်သမ္မတမှ ကြားခံလူ ရှိရှိ၊ မရှိရှိ ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ စကားမပြောဖူးပါဘူး။ အမေရိကန်ပြည်ထောင်စုဟာ ဟစ်ဇ်ဘိုလာကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတာ ပါ။
အီရန်စစ်ပွဲရဲ့ အကျိုးဆက်အနေနဲ့ လစ်ဗျားနိုင်ငံတွင်း တိုက်ပွဲတွေဟာ အကျယ်ပြန့်ဆုံး ကူးစက်လာ ခဲ့ပြီး မတ် ၂ ရက်ကစပြီး ဟစ်ဇ်ဘိုလာဘက်က အီရန်ကို ကူညီတဲ့အနေနဲ့ အစ္စရေးထဲကို ဒုံးကျည် တွေ၊ ဒရုန်းတွေနဲ့ စတင်ပစ်ခတ်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း အစ္စရေးရဲ့ တိုက်ခိုက်မှုတွေနဲ့ ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းတဲ့ အမိန့်တွေကြောင့် လစ်ဗျားပြည်သူ ၁ ဒသမ ၂ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။
Source: Reuters










