DVB Logo
Home
Lead Story
ကိုဗစ်ကြောင့် ကလေးအလုပ်သမားပြဿနာ ပိုဆိုးလာမလား (ဆောင်းပါး)
DVB
·
November 20, 2020
ကိုဗစ်ကြောင့် ကလေးအလုပ်သမားပြဿနာ ပိုဆိုးလာမလား (ဆောင်းပါး)
Donate to DVB

မြန်မာနိုင်ငံမှာ ကလေးအလုပ်သမားပေါင်း ၁ ဒသမ ၁၃ သန်းလောက်ရှိနေပါတယ်။ အဲဒီအထဲကမှ အသက် ၁၈ နှစ်အောက် ကလေးလုပ်သား ၆ သိန်းလောက်က အန္တရာယ်များ တဲ့လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေရပါတယ်။ 

ဒါတွေကို ပပျောက်အောင်လုပ်ကိုင်ဆောင်ရွက်နေတဲ့ အပိုင်းလည်းရှိပါတယ်။  ဒါပေမဲ့ မြန်မာနိုင်ငံမှာ ၂၀၂၀ မတ်လမှာ စတင်တွေ့ရှိခဲ့တဲ့  ကိုဗစ်-၁၉ ရောဂါဟာ ကလေးအလုပ်သမားကိစ္စကို ဘူးလေးရာဖရုံဆင့် ဆိုသလို ဖြစ်စေခဲ့ပါတယ်။ ကလေးလုပ်သားလျော့နည်းပပျောက်ဖို့လုပ်ဆောင်နေဆဲမှာပဲ ကိုဗစ်- ၁၉ ကြောင့် ပိုပြီးများ နိုင်တဲ့ အနေအထားတွေကို မြင်တွေ့လာရတယ်လို့ အလုပ်သမားအဖွဲ့တွေက သုံးသပ်ထားပါတယ်။

မြန်မာနိုင်ငံမှာ ကလေးအလုပ်သမား ပပျောက်ရေးအတွက် အဓိကလုပ်ကိုင်နေတဲ့ ဝန်ကြီးဌာနကတော့  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့  ပြည်သူ့အင်အားဝန်ကြီးဌာနဖြစ်ပါတယ်။ အလားတူပဲ  အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)၊ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)၊ ဆွစ်ဇာ လန်သံရုံး၊ သြစတြေးလျ သံရုံးတို့အပါအဝင် အခြားဖွံ့ဖြိုးမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းဆောင် ရွက်နေကြတာဖြစ်ပါတယ်။

ပိုပြီးစိတ်ဝင်စားစရာကောင်းတာတစ်ခုက  မြန်မာနိုင်ငံမှာ မွေးဖွားပြီး မှတ်ပုံတင်မရှိတဲ့ ကလေးငယ် တစ်သန်း ကျော်ရှိနေတာပါ။ ဒီကလေးတွေဟာ အရွယ်မတိုင်မီ ကလေးလုပ်သားအဖြစ် စေခိုင်းခံရတာ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ တပ်သားအဖြစ် ခေါ်ယူစုဆောင်းခံရတာ၊ လူကုန်ကူးခံရတာနဲ့ အတင်းအဓမ္မ လက်ထပ်ထိမ်းမြားခံရတာ၊ စတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရနိုင်ခြေများနေတဲ့ ကလေးတွေ ဖြစ်တဲ့အကြောင်း  ယူနီဆက်(ဖ်) က ဖော်ပြထားပါတယ်။ 

မြန်မာနိုင်ငံနဲ့ ILO ပြဋ္ဌာန်းချက် ၁၃၈

မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့  ILO အဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ်။  ဒါကြောင့်လည်း ကလေးအလုပ်သမားကိစ္စနဲ့ ပတ်သက်ရင်  ILO ပြဋ္ဌာန်းချက်တွေကို လိုက်နာအကောင်အထည်ဖော် ဆောင်ရွက် ဖို့လည်းတာဝန်ရှိနေပါတယ်။  ILOရဲ့ အဓိကပြဋ္ဌာန်းချက် ရှစ်ခုထဲမှာ  အဓမ္မခိုင်းစေမှု ပြဋ္ဌာန်းချက်အမှတ် ၂၉၊ လွတ်လပ်စွာအသင်းအဖွဲ့ဖွဲ့စည်းခြင်းနဲ့  စုရုံးလုပ်ဆောင်ခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၈၇ ၊ ကလေးသူငယ်တွေကို  အဆိုးရွားဆုံးပုံစံနဲ့  ခိုင်းစေခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၁၈၂ စတဲ့ ပြဋ္ဌာန်းချက်တွေ ပါဝင် နေပါတယ်။ 

အလားတူပဲ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ပြဋ္ဌာန်းထားတဲ့ အငယ်ဆုံး အသက်ပြဋ္ဌာန်းချက်အမှတ် ၁၃၈ ဆိုတာလည်း ရှိပါသေးတယ်။  ဒီပြဋ္ဌာန်းချက်ကို မြန်မာနိုင်ငံက လက်ခံကျင့် သုံးနိုင်ရေး အတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၆ ရက်က ပြည်ထောင်စုလွှတ်တော်ကို  တင်ပြခဲ့ပါတယ်။

ပြဋ္ဌာန်းချက် အမှတ်- ၁၃၈ အရ အလုပ်လုပ်နိုင်တဲ့ အနိမ့်ဆုံးအသက်အရွယ်သတ်မှတ်ချက်ဟာ မသင်မနေရ ပညာရေးပြီးဆုံးချိန်နဲ့ ကိုက်ညီဖို့လိုပါတယ်။ ဒါ့အပြင် အသက် ၁၈ နှစ်အောက် ကလေးအလုပ်သမားတွေကို အန္တရာယ်ရှိတဲ့  အလုပ်အကိုင်များ လုပ်ကိုင်ခြင်းကနေ  တားမြစ်ထားပါတယ်။ မြန်မာနိုင်ငံမှာ  ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနဲ့  လက်ရှိအလုပ်သမားဥပဒေအရ အလုပ်လုပ်နိုင်တဲ့ အနိမ့်ဆုံး အသက်အရွယ်က အသက် ၁၄ နှစ်ဖြစ်ပါတယ်။  အဆိုပါကွန်ဗင်းရှင်းအရ နိုင်ငံတွေမှာ ကလေးအလုပ် သမားတွေ အမြစ်ပြတ် ပပျောက်ရေးအတွက် နိုင်ငံအဆင့်မူဝါဒတွေ  ချမှတ်ရမယ်ဆိုတဲ့ အချက်လည်း ပါဝင် နေပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံဟာ ပြဋ္ဌာန်းချက်ကို သဘောတူလက်မှတ်ရေးထိုးတဲ့ ၁၇၈ မြောက်နိုင်ငံဖြစ် လာခဲ့ပါပြီ။  

ဆင်းရဲမွဲတေမှုနဲ့ ပညာရေးချို့တဲ့မှု

ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးဟာ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုဘဝ မြင့်မားမှု၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုတွေနဲ့  တိုက်ရိုက်သက်ဆိုင်နေသလို ပဋိပက္ခတွေကြောင့် ရွှေ့ပြောင်းနေထိုင်ရတာတွေ၊ ဆင်းရဲနွမ်းပါးမှု ပြဿနာတွေနဲ့လည်းချိတ်ဆက်နေပါတယ်။ အလားတူ ရာသီဥတုပြောင်းလဲမှု အကျိုးဆက် ကြောင့်ဖြစ်လာတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာပြဿနာ၊ စားနပ်ရိက္ခာ မဖူလုံမှုတွေနဲ့  လူမှုစီးပွား အကျပ်အတည်းတွေက ကလေးတွေကို ပညာဆုံးခန်းတိုင်အောင်သင်ကြားခွင့်မပေးဘဲ ကလေးအလုပ်သမားအဖြစ် တွန်းပို့နေသလို ဖြစ်နေပါတယ်။ 

ဒါကြောင့် ကလေးအလုပ်သမားတွေ လျှော့ချရေးလုပ်ရာမှာ သူတို့ကို လုပ်ငန်းခွင်ကနေ ရှာဖွေဖော်ထုတ် ဖယ်ရှားပစ်ရုံနဲ့ ပပျောက်သွားအောင်လုပ်ဖို့  မလွယ်ကူတာကြောင့် ကျောင်းနေအရွယ် ကလေးအားလုံး အခမဲ့ ပညာသင်ကြားနိုင်ဖို့နဲ့  ကလေးသူငယ်တွေ ကူညီစောင့်ရှောက်ပေးနိုင်မယ့် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ များလာဖို့လည်း လိုအပ်ကြောင်း သုံးသပ်မှုတွေလည်းရှိနေပါတယ်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့  ပြည်သူ့အင်အား ဝန်ကြီးဌာန အနေနဲ့ကတော့ ကလေးအလုပ်သမား ပပျောက်ရေးအတွက် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ လုပ်ဆောင်နေတာရှိပါတယ်။ ဦးစားပေးစီမံကိန်းနယ်မြေတွေအဖြစ်  ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့ကိုသတ်မှတ်ပြီး လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ မြန်မာနိုင်ငံမှာ ကလေးအလုပ်သမားတွေကို စိုက်ပျိုးရေးကဏ္ဍ (၆၀ ဒသမ ၅ ရာခိုင်နှုန်း) နဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ (၁၂ ရာခိုင်နှုန်း) လောက်အထိ တွေ့နေရတယ်လို့လည်း ထုတ်ပြန်ချက်တွေအရသိရပါတယ်။ 

ကလေးအလုပ်သမားပပျောက်ရေးပန်းတိုင်

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO) ရဲ့ စစ်တမ်းတွေအရ ကမ္ဘာပေါ်မှာ အသက် ၅ နှစ်ကနေ ၁၇ နှစ်ကြား ကလေးသူငယ် ၂၁၈ သန်း ရှိနေပြီး ဒီအထဲက ၁၅၂ သန်းဟာ ကလေးလုပ်သားတွေ ဖြစ်နေတယ် လို့သိရပါတယ်။ တစ်ခါ အဲဒီထဲက ၇၃ သန်းဟာ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်မှာ လုပ်နေကြရပါတယ်။ အဲဒီ ကလေးသူငယ်တွေဟာ တခြား ကလေးငယ်တွေထက် ခံစားခွင့်တွေ ဆုံးရှုံးနေပြီး လူမှုအသိုင်းအဝိုင်း ထဲမှာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရပါတယ်။ ဒီလို အခြေအနေတွေကို မျက်ကွယ်ပြုထားမယ်ဆိုရင်  အနာဂတ်မှာ တိုင်းပြည်ရဲ့ ထုတ်လုပ်မှု ကျဆင်းသွားနိုင်ဖွယ်ရှိတယ်လို့ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ကို ကမ္ဘာ့နိုင်ငံအသီးသီးမှာ နှစ်စဉ် ဇွန်လ ၁၂ ရက်နေ့မှာ ကျင်း လေ့ရှိပြီး ၂၀၂၅ ခုနှစ် နောက်ဆုံးထားပြီး  ကလေးအလုပ်သမား ပပျောက်ရေး လုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံမှာ  ILO ရဲ့ ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေကို  အမေရိကန်နိုင်ငံ အလုပ်သမားဌာနက  ပံ့ပိုးကူညီတဲ့  Myanmar Programme on the Elimination of Child Labour (My-PEC) အစီအစဉ်အရလည်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဆောင်းပါး-ယမင်းမြတ်အေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013