DVB Logo
Home
မြန်မာသတင်း
တန်ဖိုးသင့်ညစာ-ပရဟိတဆရာဝန် ဒေါက်တာ နန္ဒဝင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ
DVB
·
November 20, 2020
တန်ဖိုးသင့်ညစာ-ပရဟိတဆရာဝန် ဒေါက်တာ နန္ဒဝင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ
Donate to DVB

တန်ဖိုးသင့်ညစာနဲ့ နာမည်ကြီးတဲ့ ပရဟိတဆရာဝန် ဒေါက်တာနန္ဒဝင်းဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတဲ့အတွက် ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

သူဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းကမှ တာဝန်ကျရာ ရှမ်းပြည်နယ်၊ သီပေါမြို့ဆေးရုံကနေ ရာထူးတိုးနဲ့ မြဝတီမြို့ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက် ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာလည်း တာဝန်ထမ်းဆောင်ခဲ့ပြီး လတ်တလော ရောဂါကူးစက်ခံရတဲ့အကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်ကတဆင့် အသိပေးမျှ ဝေထားခဲ့တာပါ။

       ကိုဗစ်-၁၉ ကာလအတွင်း ရှမ်းပြည်နယ်၊ သီပေါမြို့၊ ကရင်ပြည်နယ် မြဝတီမြို့နဲ့  ရန်ကုန်ဆေးရုံကြီး စတဲ့နေရာ ၃ ခုမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း၊ အဲလိုတာဝန် ထမ်းဆောင်ချိန်မှာ အကာအကွယ်တွေကို သတိကြီးကြီးထားကာ ဝတ်ဆင်နေထိုင်ခဲ့ကြောင်း၊ ရန်ကုန်မှာ နေ့နေ့ညည အလုပ်ဆက်တိုက်လုပ်တုန်းက ကိုဗစ်ကူးသွားနိုင်ခြေများပြီး စိုးရိမ်ခဲ့ပေမယ့်  level 2 PPE အမြဲ ဝတ်ဆင်ထားတတ်တာမို့ ပိုးမွှားများ ကပ်ငြိမရ ဖြစ်နေပုံရပြီး ကူးစက်ခြင်းမခံခဲ့ရကြောင်း ဒေါက်တာ နန္ဒဝင်းက ဆိုပါတယ်။

ရန်ကုန်ကနေ မြဝတီပြန်ရောက်ချိန်မှာတော့ လူနာတွေနဲ့ ထိတွေ့မှုမရှိသလောက် ဖြစ်နေတာမို့ level 2 PPE မဝတ်ဖြစ်တော့ဘဲ ဆက်တိုက်ပင်ပန်းနေတာမို့ ကိုယ်ခံစွမ်းအားလည်း ကျနေတယ်ထင်ကြောင်း၊ အဲဒီအချိန်မှာပဲ ကိုဗစ်-၁၉ ရောဂါအလစ်အငိုက်တိုက်ကာ ကူးစက်ခံခဲ့ရကြောင်းနဲ့ သူနဲ့အတူ နောက်ထပ် ဆရာဝန်တစ်ဦးလည်း ကူးစက်ခံထားရတဲ့ အကြောင်း ရေးသားထားပါတယ်။

“ရန်ကုန်ကနေ မြဝတီပြန်ရောက်လာသည်။ စိတ်လျှော့လိုက်သည်။ လူနာနှင့် ထိတွေ့မှု မရှိသလောက် ဖြစ်သောကြောင့် level 2 PPE မဝတ်ဖြစ်တော့။ ဆက်တိုက်ပင်ပန်း နေသောကြောင့် ကိုယ်ခံစွမ်းအားလည်း ကျသည်ထင်သည်။ ငဗစ်သည် ကျွန်တော့်ကို အလစ်တိုက်ခဲ့လေပြီ။ ရန်ကုန်တွင် အတူတွဲခဲ့သော သား မောင်သက်တို့တွင် ပိုးမတွေ့ပဲ မြဝတီတွင် ကျွန်တော်ရန်ကုန်ရောက်နေစဉ်တွင် ဒိုင်ခံဖြေရှင်းပေးနေသော သားမောင်မျိုးနှင့် ကျွန်တော်တို့ (၂) ဦး ပိုးတွေ့လူနာများဖြစ်ကာ စတင်ဆေးကုသမှုခံယူရတော့မည်။ ကျွန်တော်ကကြွက်သားတွေ ညောင်းလာသည် ဒါကြောင့် တို့ဖတ်ယူလိုက်သည်။ မောင်မျိုးကလည်း ရင်ဘတ်တွေနာ နေသည်ဆိုသည်။ ကျွန်တော်တို့ ညီအစ်ကို ပိုးတွေ့လေပြီ။ ကျန်တစ်ရုံးလုံး တစ်ဆေးရုံလုံး လွတ်ကြသည်။ ထိတွေ့ခဲ့သူများ နောက်သုံးရက်ကြာလျှင် ထပ်စစ်မည်။ အားလုံးဘေးကင်းကြ ပါစေ”

၂၀၁၅ ခုနှစ်က တာဝန်ကျရာ အင်္ဂပူမြို့နယ်မှာ ဆင်းရဲနွမ်းပါးသူတွေကို ဆိုက်ကားနဲ့ ထမင်းဟင်းတွေ လှည့်လည်ရောင်းချပေးတဲ့ “တန်ဖိုးသင့်ညစာ” အစီအစဉ်ကို တည်ထောင်သူအဖြစ် ဒေါက်တာနန္ဒဝင်းကို လူသိများပြီး ပရဟိတနဲ့ လူမှုရေး အကျိုးပြု လုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်တဲ့ စေတနာဆရာဝန်တယောက်လို့လည်း သိထားကြတာပါ။

ဒီအတွက် မြန်မာပြည်အကျိုး ထူးခြားဆောင်ရွက်သူတွေအဖြစ် နိုင်ငံတကာရောက် မြန်မာမိသားစုအသိုင်းအဝိုင်းက ရွေးချယ်ပေးအပ်တဲ့ ပြည်သူ့ဂုဏ်ရည်အထူးဆုကိုလည်း ချီးမြှင့်ခံခဲ့ရသူ ဖြစ်ပါတယ်။

တာဝန်ကျရာနေရာမှာ အများအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်လေ့ရှိတဲ့ ဒေါက် တာနန္ဒဝင်းရဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုအပေါ် လတ်တလောမှာတော့ လုပ်ဖော်ကိုင် ဘက်တွေ၊ မိတ်ဆွေတွေ၊ သူ့ပရိသတ်တွေက မှတ်ချက်တွေရေးသားပြီး ဆုတောင်းပေးနေကြပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ တွေ့ရှိခဲ့ပြီး ရခိုင်ပြည်နယ်က တကျော့ပြန်ကူးစက်မှုတွေနဲ့အတူ အချိန် ၈ လနီးပါးရှိလာခဲ့ချိန်မှာတော့ ရောဂါကူးစက်ခံရသူစုစုပေါင်း ၇၄,၀၀၀ ကျော် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၉ ရက်ည ၈ နာရီအထိ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၇၄,၈၈၂ ယောက်၊ သေဆုံးသူ ၁,၆၇၆ ယောက်နဲ့ ဆေးရုံက ဆင်း ခွင့်ရသူပေါင်း  ၅၅,၆၃၃ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013