DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကြောင့် ဇော်ဝင်းထွဋ်၏ “ဆေးပေါင်းခတဲ့ည” ဖျော်ဖြေပွဲ အွန်လိုင်းက ကျင်းပမည် (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)
DVB
·
November 20, 2020
ကိုဗစ်-၁၉ ကြောင့် ဇော်ဝင်းထွဋ်၏ “ဆေးပေါင်းခတဲ့ည” ဖျော်ဖြေပွဲ အွန်လိုင်းက ကျင်းပမည်  (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)
Donate to DVB

နှစ်စဉ် တန်ဆောင်မုန်းလပြည့်ညရောက်တိုင်း ခမ်းခမ်းနားနားကျင်းပနေကျ အဆိုတော် ဇော်ဝင်းထွဋ်ပါဝင်တဲ့ “‌ဆေးပေါင်းခတဲ့ည” တေးဂီတဖျော်ဖြေပွဲကို အခုနှစ်မှာတော့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အွန်လိုင်းကသာ ကျင်းပတော့မယ်လို့ သိရပါတယ်။

 မနှစ်ကတော့ “ဆေးပေါင်းခတဲ့ ရန်ကုန်ည” အမည်နဲ့ ရန်ကုန်မြို့၊ သုဝဏ္ဏဘူမိ Event Park မှာ ကျင်းပခဲ့ပြီး ဇော်ဝင်းထွဋ်နဲ့အတူ တခြားအဆိုတော်တွေဖြစ်ကြတဲ့ ရင်ဂို၊ ကျားပေါက်၊ ဝေလ၊ ရေမွန် (Idiots)၊ ဟန်နေတာ (Eternal Gosh) တို့က ပါဝင်ဖျော်ဖြေခဲ့ကြပါတယ်။

အခုနှစ်ရဲ့ ဖျော်ဖြေပွဲမှာတော့ အင်ပါယာတေးဂီတအဖွဲ့နဲ့အတူ ပင်တိုင်ရော့ခ်အဆိုတော် ဇော်ဝင်းထွဋ်၊ ရင်ဂို၊ the Velocity အဖွဲ့တို့က ပါဝင်သီဆိုသွားကြမယ်လို့ သိရပါတယ်။

ညီထွဋ်လို့ သိကြတဲ့ တေးသံရှင် ဇော်ဝင်းထွဋ်ဟာ အသက် ၅၅ နှစ်အရွယ်ရှိနေပြီ ဖြစ်ပြီး မြန်မာ့ဂီတလောကမှာ ရော့ခ်တခေတ်ကို ဦးဆောင်နိုင်ခဲ့သူလို့ အသိအမှတ်ပြုကြရပါတယ်။

အင်ပါယာအမည်နဲ့ ကိုယ်ပိုင်တေးဂီတအဖွဲ့ တည်ထောင်ထားနိုင်ခဲ့တဲ့ ဇော်ဝင်းထွဋ်ဟာ မာကျူရီည၊ အချစ်စွမ်းအင်၊ ကြယ်တံခွန်၊ လမ်းသစ် စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေနဲ့ တေးဂီတလောကကို စတင်ဝင်ရောက်ခဲ့တာပါ။

အဲဒီတေးအယ်လ်ဘမ်တွေတုန်းကတော့ ပရိသတ်တွေ သိပ်မသိခဲ့ကြသေးဘဲ နောက်ပိုင်း ၁၉၈၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Bests Of Zaw Win Htut – အကောင်းဆုံးတေးများကတော့ သူ့ကို အောင်မြင်တဲ့ ရော့ခ်စတားတဦးအဖြစ် ရောက်ရှိသွားစေခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဇော်ဝင်းထွဋ်ဟာ တကိုယ်တော်အနေနဲ့ရော၊ အဖွဲ့လိုက် တေးအယ်လ်ဘမ်တွေမှာပါ သီချင်းပေါင်းများစွာကို သီဆိုအောင်မြင်ခဲ့ပါတယ်။

ဝါရင့်တေးပြုစာဆို ရွှေတိုင်ညွှန့်ရဲ့ မြေး၊ မြန်မာသံအဆိုတော် ထားရဲ့ ရင်သွေးတဦးအဖြစ် လူသိများတဲ့ သူ့ရဲ့ သီချင်းတွေထဲက အနှိုင်းမဲ့၊ အချစ်များသူ့ဆီမှာ စတဲ့ သီချင်းတွေကတော့ တကယ့်ကို ရေပန်းစားတဲ့ သီချင်းတွေ ဖြစ်ခဲ့ပါတယ်။

လက်ရှိအချိန်ထိ နှစ်စဉ် ခမ်းခမ်းနားနား ကျင်းပနေကျ “ဆေးပေါင်းခတဲ့ည” တေး ဂီတဖျော်ဖြေပွဲတွေဟာလည်း ဇော်ဝင်းထွဋ်ရဲ့ ဂီတမှတ်တိုင်တွေဖြစ်သလို သူ့ကိုအားပေး ချစ်ခင်ကြတဲ့ အမာခံရော့ခ်ပရိသတ်တွေအတွက်လည်း အမှတ်တရဖြစ်တဲ့ ပွဲတွေပဲဖြစ်ပါတယ်။

လတ်တလော ကိုဗစ်-၁၉ ကပ်ဘေးကြောင့် အချိန် ၈ လလောက် နေအိမ်တွေထဲမှာ နေထိုင်ကြရပြီး ပွဲလမ်းသဘင်တွေနဲ့ ဝေးကွာနေချိန်မှာ သူ့ရဲ့ “ဆေးပေါင်းခတဲ့ည” ဖျော်ဖြေပွဲက အားလုံးကို အပန်းပြေစေနိုင်မှာ ဖြစ်ပါတယ်။

လာမယ့် နိုဝင်ဘာ ၂၉ ရက်၊ တန်ဆောင်မုန်းလပြည့်ညမှာ ကျင်းပမယ့် ဒီဖျော်ဖြေပွဲကိုတော့ 50 TV LIVE ရဲ့ မိုဘိုင်းအက်ပလီကေးရှင်းနဲ့ အွန်လိုင်းဝက်ဘ်ဆိုက်ဒ်တွေကတဆင့် အခမဲ့ ကြည့်ရှုနိုင်မှာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကိုလည်း ထပ်မံပြီးတော့ ကြေညာပေးသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013