DVB Logo
Home
မြန်မာသတင်း
ရေကြီးနစ်မြုပ်မှုကြောင့် ညောင်လေးပင်တွင် လယ်ဧက ၁၀၀ ကျော် ပျက်စီး
DVB
·
November 19, 2020
ရေကြီးနစ်မြုပ်မှုကြောင့် ညောင်လေးပင်တွင် လယ်ဧက ၁၀၀ ကျော် ပျက်စီး
Donate to DVB

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့မှာ ရေကြီးနစ်မြုပ်မှုကြောင့် စပါးစိုက်ဧက ၁၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံ တောင်သူတွေက ပြောပါတယ်။

ညောင်လေးပင်မြို့၊ ၂၂၆ (က) ကွင်းက ဆူးအေးခြုံမြောင်း ပိတ်ဆို့တိမ်ကောလာတာကြောင့် ဖိုးတုပ္ပုံ၊ ကြာအင်းကြီး၊ ရှမ်းရွာတွေက တောင်သူ ၃၀ ကျော်ရဲ့ စပါးစိုက်ဧက ၁၀၀ ကျော် ရေကြီးနစ်မြုပ်ခဲ့ပြီး ပျက်စီးဆုံးရှုံးခဲ့ရတာလို့ ဆိုပါတယ်။

၂၀၁၉ ခုနှစ်က နွေစပါးစိုက်ပျိုးဖို့ ဆည်မြောင်းဌာနက အောင်ရေလွတ်ရာမှာ ဆူ​အေး​ခြုံ ​​​မြောင်းက ရေမနုတ်နိုင်တာကြောင့် ဆောင်းသီးနှံတွေပျက်စီးခဲ့ရတဲ့အတွက် ရေနုတ်မြောင်းကို ပြန်လည်တူးဖော်ပေးဖို့ တင်ပြခဲ့ပေးမယ့် မတူးဖော်ပေးခဲ့တာကြောင့် ဒီနှစ်စပါးရိတ်သိမ်းချိန်မှာ ရေထွက်ပေါက်မရှိဘဲ စပါးစိုက်ဧက ၁၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရတာလို့ တောင်သူ  ဦးကျော်ရှိန်က ပြောပါတယ်။

၂၂၆ (က) ကွင်းဟာ ရေကြီးကွင်း မဟုတ်ပဲ နှစ်စဥ် စပါးအထွက်နှုန်း ကောင်းမွန်တဲ့ လယ်တွေဖြစ်ပြီ ဆူအေးခြုံမြောင်း ပိတ်ဆို့တိမ်ကောလာလို့သာ မနှစ်က ဆောင်းသီးနှံနဲ့ အခုနှစ် မိုးစပါးတွေ  ပျက်စီးခဲ့ရတာလို့ ဆိုပါတယ်။

"ပဲခင်းတွေ ရေကြီးနစ်မြုပ်လို့ ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ တင်ပြတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေ လာကြည့်တယ်။ ပြန်ဖော်ပေးမယ်ဆိုပြီး မဖော်ပေးတော့ ဒီနှစ်မှာထပ်ပြီး ရေနစ်မြုပ်တယ်။ စပါးတွေ အကုန်ရိရွဲ အညှောင့်ပေါက်လာလို့ အခုရိတ်သိမ်းလို့ မရတော့ဘူး။ ခုလာဆင်း​ကြည့် အကုန်ပျက်စီး​နေတာကို ​မြင်ရလိမ့်မယ်" လို့ ဦးကျော်ရှိန်က ပြောပါတယ်။

၂၀၁၉ ခုနှစ်က ဆောင်းသီးနှံတွေ ပျက်စီးခဲ့ရလို့ နစ်နာကြေးမရရှိခဲ့ရတာကြောင့် မိုးစပါး စိုက်ပျိုးဖို့အတွက် အတိုးနှုန်းကြီးစွာနဲ့ ချေးယူစိုက်ပျိုးပြီး ရိတ်သိမ်ချိန်နီးကာမှ လယ် ၁၀ ဧက  ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ တောင်သူ ဒေါ်ကြူမာလွင်က ပြောပါတယ်။

ဆူအေးခြုံမြောင်းကိုမဖော်ပေးပါက ဒီနှစ်ဆောင်းသီးနှံစိုက်ပျိုးဖို့အတွက် မစိုက်ပျိုးရဲတော့ သလို ကိုဗစ်ကာလမှာ စာဝတ်နေရေးတွေပါ အခက်အခဲဖြစ်နေရတာကြောင့် သီးနှံဆုံးရှုံးမှုတွေ အတွက် နစ်နာကြေးပေးစေချင်တယ်လို့ ဆိုပါတယ်။

တောင်သူ ဒေါ်ကြူမာလွင်က "လယ်တွေကလည် နှစ်နှစ်ဆက်တိုက် ရေကြီးလို့ ပျက်စီးဆုံးရှုံးခဲ့ရပြီ၊ လယ်ရှိ ကိုဗစ်ထောက်ပံ့ငွေလည်း တခါမှ မရဘူး။ အခု အိမ်မှာ စားဖို့တောင် ဆန်မရှိတော့ဘူး။ လယ်သမားတွေ ထမင်းငတ်တဲ့ဘဝ ရောက်နေရပြီ" လို့ ပြောပါတယ်။

ဆူအေးခြံမြောင်းကို ပြန်လည်တူးဖော်ဖို့ ၂၀၂၀/၂၀၂၁ ခုနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေမှာ ထည့်သွင်းပြီး လျာထားရေးဆွဲခဲ့ပေမယ့် ပြန်လည်တူးဖော်ဖို့ မပါဝင်တာကြောင့် မတူဖော်ရတာဖြစ်ပြီး ၂၀၂၁ ခုနှစ် မဖြစ်မနေဆောင်ရွက်သင့်တဲ့ လုပ်ငန်းတွေထဲမှာ ထပ်မံထည့်သွင်း တင်ပြထားပြီ ဒီနှစ်ရန်ပုံငွေ ရလာပါက တူးဖော်သွားမယ်လို့  ညောင်လေးပင်မြို့နယ် ဆည်မြောင်းဦးစီးမှူး ဦးသန့်ဇင်အောင်က ဒီဗွီဘီကို ပြောပါတယ်။

"မနှစ်က ပဲခင်းတွေရေကြီး နစ်မြုပ်တယ်ဆိုလို့ နှစ်ကြိမ်လောက် ကွင်းဆင်းစစ်းဆေးပါတယ်၊ အဓိက က ဆူးအေးခြုံမြောင်း တိမ်ကောပြီး ရေမနုတ်နိုင်တာကြောင့် ရေနစ်မြုပ်ရတာပါ၊ ရန်ပုံငွေရရှိလာပါက အမြန်ဆုံး ဆောင်ရွက်ပေးသွားမှာပါ။"

ဆူအေးခြုံမြောင်းဟာ အရှည်ပေ ၁ သောင်းကျော်ရှိပြီ ဖိုးတုပ္ပုံ၊ ကြာအင်းကြီး၊ ရှမ်းရွာ စတဲ့ ရွာသုံးရွာက လယ်ဧကတွေ ပျက်စီးဆုံးရှုံးနေရတာ ဖြစ်ပါတယ်။

သတင်း၊ဓါတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013