DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကြောင့် မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား ပိုမိုများပြားလာနိုင်
DVB
·
November 18, 2020
ကိုဗစ်-၁၉ ကြောင့် မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား ပိုမိုများပြားလာနိုင်
Donate to DVB

ကိုဗစ်-၁၉ ကမ္ဘာကပ်ရောဂါရဲ့ သက်ရောက်မှုကြောင့် မြန်မာနိုင်ငံမှာ ကလေးလုပ်သား ဦးရေ ပိုမိုများလာဖွယ်ရှိတယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ကလေးအလုပ်သမားပေါင်း ၁ ဒသမ ၁၃ သန်းလောက်ရှိနေပါတယ်။ အဲဒီအထဲကမှ အသက် ၁၈ နှစ် အောက် ကလေးလုပ်သား ၆ သိန်းလောက်က အန္တရာယ်များတဲ့ လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေရပါတယ်။ 

မြန်မာနိုင်ငံမှာ ကလေးလုပ်သား လျော့နည်းပပျောက်ဖို့လုပ်ဆောင်နေဆဲမှာပဲ ၂၀၂၀ မတ်လမှာ စတင်တွေ့ရှိခဲ့တဲ့  ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့်  ကလေးလုပ်သားတွေပိုပြီးများ နိုင်တဲ့ အနေအထားတွေကို မြင်တွေ့လာရတယ်လို့ အလုပ်သမားအဖွဲ့တွေကလည်း ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်ရဲ့ ကလေးလုပ်သားအရေး စောင့်ကြည့်လေ့လာသူ ဒေါ်အိဟေမာက  “ကလေးလုပ်သားနဲ့ ဆင်းရဲနွမ်းပါးမှုနဲ့က သွားချိတ်နေတာ။ နဂိုကတည်းက နွမ်းပါးတဲ့ တိုင်းပြည်ဆိုတဲ့အထဲ ကိုဗစ်ကဝင်လာတော့ ကျိမ်းသေတယ်။ ကလေးအရေအတွက်ကများလာမှာ။ လောလောဆယ်မှာ သက်သေပြစရာ အသေးစိတ် အချက်အလက်တော့မရှိပါဘူး။ ဒါပေမဲ့ ရှေ့မှာထွက်ထားတဲ့ စာတမ်းတွေရှိပါတယ်။ သူတို့က အရှေ့အရှေ့ ဒီလိုမျိုးကပ်ရောဂါလိုမျိုးဖြစ်ခဲ့တဲ့အခြေအနေနဲ့ ချိန်ထိုးလိုက်တဲ့အခါမှ ကလေးတွေက အလုပ်လုပ်တဲ့ အရည်အတွက်များကိုလာတော့မှ။”လို့ DVB debate ဆွေးနွေးပွဲမှာ ပြောပါတယ်။

ကိုဗစ်ကာလအတွင်းမှာ ကလေး ၃၀၀ ကျော်ကို ကိုဗစ်ရဲ့သက်ရောက်မှုက ဘယ်လိုလဲဆိုပြီး လေ့လာခဲ့တဲ့ စစ်တမ်းတစ်ခုမှာတော့ ကလေးတွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကအလုပ်လုပ်နေရပြီး အဲ့ဒီထဲက ၈ ရာခိုင်နှုန်းက ကိုဗစ်ကာလမှာလည်း အပြင်ကိုထွက်ပြီး အလုပ်လုပ်နေရတယ်ဆိုတဲ့ အချက်ကိုတွေ့ရတယ်လို့ Save The Children ရဲ့ စီမံကိန်းအကြံပေး  ဒေါ်ဝင်းပပသန်းက ပြောပါတယ်။

ဒါကြောင့် ဒီကပ်ရောဂါဟာ ကလေးတွေကို ကျောင်းပညာရေးကဝေးစေတာနဲ့ အလုပ်လုပ်ရတာကို ဖြစ်စေတယ်ဆိုတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါကာလမတိုင်ခင်က ကလေးလုပ်သားအရေးတွေဆိုရင် ထင်ထင်ပေါ်ပေါ်နဲ့ ဖြေရှင်းလို့ရပေမယ့် အခုလို Stay at Home ကာလမှာတော့ ကလေးလုပ်သားအခွင့်အရေးချိုးပေါက်ခံရတာတွေ ပေါ်ထွက်လာတာနည်းတာကြောင့် ကလေးတွေ ရဲ့ အခွင့်အရေးချိုးဖောက်ခံရမှုတွေဟာ ကိုဗစ်-၁၉ ရောဂါကြောင့် ရောပြီး ဖုံးကွယ်ခံရတာလည်း ဖြစ်နိုင်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နော်စူစန်နာလှလှစိုးက ပြောပါတယ်။

ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးဟာ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုဘဝမြင့်မားမှု၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ တိုက်ရိုက်သက်ဆိုင်နေသလို ပဋိပက္ခ တွေကြောင့် ရွှေ့ပြောင်းနေထိုင်ရတာတွေ၊ ဆင်းရဲနွမ်းပါးမှု ပြဿနာတွေ နဲ့လည်း ချိတ်ဆက်နေတယ်လို့ သုံးသပ်ကြပါတယ်။

အလားတူ ရာသီဥတုပြောင်းလဲမှု အကျိုးဆက် ကြောင့်ဖြစ်လာတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာပြဿနာ၊ စားနပ်ရိက္ခာ မဖူလုံမှုတွေနဲ့  လူမှုစီးပွား အကျပ်အတည်းတွေက ကလေးတွေကို ပညာဆုံးခန်းတိုင်အောင်သင်ကြားခွင့်မပေးဘဲ ကလေးအလုပ်သမားအဖြစ် တွန်းပို့နေသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

ကလေးအလုပ်သမားတွေ လျှော့ချရေးလုပ်ဆောင်ရာမှာ သူတို့ကို လုပ်ငန်းခွင်ကနေ ရှာဖွေဖော်ထုတ်ဖယ်ရှားပစ်ရုံနဲ့ ပပျောက်သွားအောင်လုပ်ဖို့ မလွယ်ကူတာကြောင့် ကျောင်းနေအရွယ် ကလေးအားလုံး အခမဲ့ ပညာသင်ကြားနိုင်ဖို့နဲ့  ကလေးသူငယ်တွေ ကူညီစောင့်ရှောက်ပေးနိုင်မယ့် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေများ လာဖို့လည်း လိုအပ်ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013