
မန္တလေးတိုင်း၊ သာစည်မြို့နယ်မှာ ကိုဗစ်-၁၉ လူနာအသစ် ၁၉ ဦး နိုဝင်ဘာ ၁၈ ရက်က စံချိန်တင်တွေ့ရှိရာမှာ ဒုရဲမှူး ၁ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၅ ဦး ပါဝင်နေတယ်လို့ သာစည်မြို့နယ် ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
သာစည်မြို့နယ် ဆေးရုံအုပ်ဆရာဝန်ကြီး ဒေါက်တာဇော်မင်းထူးက "သာစည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ပထမဆုံး ကိုဗစ်ပိုးတွေ့ တပ်ကြပ်ကြီးနဲ့ ထိတွေ့ဆက်စပ်သူတွေရယ်၊ သူ့ရဲ့မိသားစုဝင် ၂ ဦးနဲ့ ဒုရဲမှူးအပါ ၆ ဦး စုစုပေါင်း ၈ ဦး ကိုဗစ်၁၉ ရောဂါပိုးတွေ့ပါတယ်။ အဲဒီ ၈ ဦးအပါအဝင် ပိုးတွေ့ လူနာအသစ် ၁၉ ဦး တွေ့တာပါ။ မန္တလေးဓာတ်ခွဲဌာနမှာ သွားပို့ပြီး စစ်ဆေးထားတာပါ"လို့ ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူတွေကတော့ သာစည်မြို့မရဲစခန်းဝင်းနေ ဒုရဲမှူး ၁ ဦး ရဲတပ်ကြပ်ကြီး ၁ ဦး၊ ရဲမေ ၂ ဦး၊ ရဲတပ်သား ၂ ဦးနဲ့ မိသားစုဝင် အမျိုးသား ၁ ဦး အမျိုးသမီး ၁ ဦး ပေါင်း ၈ ဦးပါဝင်ပါတယ်။
ဒါ့အပြင် မောင်းမဆည်ရွာနေ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး၊ သာဂရရွာ၊ ဇီးတောရွာ၊ ညောင်တိုရွာ၊ ညောင်ရမ်းရွာ၊ အောင်မြင်သာရွာနဲ့ သာစည်အမှတ်(၄)ရပ်ကွက်က အမျိုးသား ၁ ဦးစီနဲ့ အုတ်ကျင်းရွာနေ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး တို့မှာ ပိုးတွေ့ခဲ့တာပါ။
စေတနာဝန်ထမ်းကိုထွန်ထွန်းလင်းက "ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူနဲ့ ထိတွေ့ ဆက်စပ်ထားလို့ ကွာရန်တင်းဝင်ခိုင်းထားတဲ့ အနီးကပ်ထိတွေ့ခဲ့သူ ၂၂ ဦးကို ဓာတ်ခွဲစစ်ဆေးတာ ၁၀ ဦး ပိုးတွေ့တယ်။ ကျန်တာက ရန်ကုန်ပြန်တွေမျ ားပါတယ်"လို့ ပြောပါတယ်။
သာစည်မြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၉၁ ဦးရှိလာပြီး ၅၈ ဦးကတော့ ရောဂါပျောက်ကင်းသွားလို့ ဆေးရုံက ဆင်းသွားပြီဖြစ်ပါတယ်။
အခုပိုးတွေ့လူနာသစ် ၁၉ ဦးအပါအဝင် လူနာ ၃၃ ဦးကတော့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။ သာစည်ဝန်ထမ်းအိမ်ရာ ကွာရန်တတင်းစင်တာမှာတော့ ၄၈ ဦးရှိနေတယ်လို့ သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - မောင်မောင်လင်း










