
ရုရှားနဲ့ အမေရိကန်တို့ကြား လက်နက်ထိန်းချုပ်ရေးဆိုင်ရာ ဆွေးနွေးပွဲတွေလုပ်ဖို့ အချိန် အကြာကြီး ကြန့်ကြာနေခဲ့ပြီး၊ ဆွေးနွေးပွဲတွေ ပြန်စချိန်မှာလည်း ရှည်လျားပြီး သေသေချာချာ စဉ်းစားဆင်ခြင် ရမဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လိုအပ်လိမ့်မယ်လို့ ရုရှားသမ္မတနန်းတော် ကရင်မလင်က စက်တင်ဘာ ၂၈ ရက်မှာ ပြောပါတယ်။
ဒါက အလွန်ရှုပ်ထွေးတဲ့ ကိစ္စရပ်တခုဖြစ်လို့ ကျွမ်းကျင်ပညာရှင်တွေနဲ့ ရှည်လျားပြီး အသေးစိတ် ကျကျ ညှိနှိုင်းဆွေးနွေးမှုတွေ လိုအပ်ပါတယ်လို့ ကရင်မလင်နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က သတင်းထောက်တွေကို ပြောပါတယ်။
ဆွေးနွေးပွဲတွေကို မနေ့ကတည်းကပြန်စခဲ့သင့်တယ်လို့လည်း သူက ပြောပါတယ်။ အမေရိကန်နဲ့ ဆိုးဆိုးရွားရွား ပျက်စီးယိုယွင်းနေတဲ့ ဆက်ဆံရေးကို ပြန်ကောင်းစေချင်တယ်လို့ ရုရှားက အကြိမ်ကြိမ် ပြောခဲ့ပေမဲ့ ယူကရိန်းပဋိပက္ခနဲ့ ပတ်သက်တဲ့ သဘောထား ကွဲလွဲမှုတွေကြောင့် ဆက်ဆံရေးကို အဓိပ္ပာယ်ပြည့်ဝမှုရှိရှိ ပြန် မပြင်ဆင်နိုင်သေးပါဘူး။
အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့အကြား သုံးပွင့်ဆိုင် လက်နက်ထိန်းချုပ်ရေး ဆွေးနွေးပွဲတွေ ကျင်းပဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ တိုက်တွန်းချက်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ပဲ့စ်ကို့ဗ်က တရုတ်နိုင်ငံအနေဖြင့် ဒီဆွေးနွေးပွဲတွေမှာ ပါမှာမဟုတ်ဘူးလို့ အကြိမ်ကြိမ် ပြောထားပြီး ရုရှားအစိုးရက သိထားသလောက် တရုတ်ရဲ့ သဘောထားက မပြောင်းသေးဘူးလို့ ပြောပါတယ်။
တရုတ်ရဲ့ နျူကလီးယားလက်နက်အင်အားက ရုရှားနဲ့ အမေရိကန်တို့ရဲ့ လက်နက်အင်အားထက် အများကြီးနည်းတယ်လို့ တရုတ်အစိုးရက ပြောထားတာပါ။
ဒီအချက်ကြောင့် ဒီလိုဆွေးနွေးပွဲတွေမှာ ဝင်ဆွေးနွေးဖို့ မလိုအပ်ဘူးလို့ ယူဆထားတဲ့ အကြောင်း လည်း တရုတ်က ပြောပါတယ်။
Source:Reuters










