DVB Logo
Home
မြန်မာသတင်း
စတားလင့်ခ်က ပြည်သူများအတွက် အသက်တမျှအရေးပါသဖြင့် တိကျစွာပိတ်ရန် တောင်းဆို
DVB
·
July 18, 2026
စတားလင့်ခ်က ပြည်သူများအတွက် အသက်တမျှအရေးပါသဖြင့် တိကျစွာပိတ်ရန် တောင်းဆို
Donate to DVB

စတားလင့်ခ်အင်တာနက်ကိုပိတ်တာဟာ အရပ်သားပြည်သူတွေအတွက် သေရေးရှင်ရေးလောက် အရေးပါလို့ ဆိုက်ဘာလိမ်လည်မှုစင်တာတွေကိုပဲ ပစ်မှတ်ထားပြီး တိတိကျကျပိတ်ဖို့ အရပ်ဘက် အဖွဲ့၂၅၀ ကျော်က ဇူလိုင် ၁၇ ရက်မှာ ပူးပေါင်းထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုအစိုးရ၊ SpaceX ကုမ္ပဏီနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ဦးတည် တောင်းဆိုတာဖြစ်ပြီး မြန်မာနိုင်ငံက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီအင်အားစုတွေဟာ နယ်စပ်ဖြတ်ကျော် ဆိုက်ဘာ လိမ်လည်မှုဂိုဏ်းတွေကို နှိမ်နင်းဖြိုခွင်းဖို့ ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတွေနဲ့အတူ တသားတည်းရပ်တည်သလို အဲဒီဂိုဏ်းတွေရဲ့ ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံ သုံးစွဲခွင့်ကို အဓိက ဖြတ်တောက်မဲ့ ရည်ရွယ်ချက်ကိုလည်း အပြည့်အဝ ထောက်ခံတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ မကြာသေးခင်က မြန်မာနိုင်ငံတဝန်းက စတားလင့်ခ့်စက်ပစ္စည်းတွေကို အလုံးစုံ လွှမ်းခြုံ ပိတ်ဆို့လိုက်တာကြောင့် စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးဝန်ထမ်းတွေရဲ့ အဓိကဆက်သွယ်ရေး အသက်သွေးကြောတွေကို မရည်ရွယ်ဘဲ ဖြတ်တောက်လိုက်သလိုဖြစ်နေပြီး ဆိုးရွားလှတဲ့ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်နေရတာကို အင်မတန် စိုးရိမ်ပူပန်ရတယ်လို့ ဆိုပါတယ်။

စတားလင့်ခ့်ဟာ ထိုင်း-မြန်မာနယ်စပ်တလျှောက်က ဆိုက်ဘာလိမ်လည်မှုစင်တာတွေနဲ့ အနီးကပ်မှာရှိနေတဲ့ စက်ပစ္စည်း ၂,၅၀၀ ကို ပိတ်သိမ်းတယ်လို့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှာ လူသိရှင်ကြား ကြေညာခဲ့ပေမဲ့ မကြာခင်က ပိတ်လိုက်တာတွေမှာ အဲဒီစင်တာတွေနဲ့ မနီးစပ်တဲ့ မကွေး၊ စစ်ကိုင်းနဲ့ ရခိုင်ပြည်နယ်တို့က စက်ပစ္စည်းတွေ ပါဝင်နေတယ်လို့ အရပ်ဘက်အဖွဲ့တွေက ထုတ်ပြန်ဖော်ပြပါတယ်။

စစ်အုပ်စုက လက်နက်လိုသုံးနေတဲ့ အင်တာနက်လိုင်းဖြတ်တောက်တာကြောင့် နိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၃၀ ထဲက ၈၀ လောက်မှာ ပုံမှန်ဆက်သွယ်ရေးလိုင်းတွေ လုံးဝမရှိတော့ဘဲ အဲဒီဒေသတွေမှာ လူဦးရေ သိန်း ၁၃၀ ကျော် နေထိုင်ပြီး အဲဒီလူတွေအတွက် စတားလင့်ခ့်ဟာ ဇိမ်ခံပစ္စည်းမဟုတ်ဘဲ ရှင်သန်ရပ်တည်ရေးအတွက် အခြေခံအဆောက်အအုံတခုလို့ ဆိုပါတယ်။

ဒေသတွင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဆေးရုံတွေဟာ ရှေ့တန်းလူနာတင်ယာဉ်ခေါ်တာ၊ အရေးကြီးတဲ့အကူအညီတွေပေးပို့တာ၊ ဒေသတွင်း ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေအတွက် အဝေးရောက်ခွဲစိတ်မှုနဲ့ သားဖွားမီးယပ်ဆိုင်ရာ တိုင်ပင်ဆွေးနွေးတာ၊ လေကြောင်းရန်နဲ့ စစ်ကြောင်းဘေးရန်သတင်းတွေ ဖြန့်ဝေတာ စတာတွေအတွက် စတားလင့်ခ်ကို သုံးနေကြတယ်လို့ ဆိုပါတယ်။

ပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အောက်မှာ မှတ်ပုံတင်ထားတဲ့ ကြားကာလ အွန်လိုင်း ပညာရေးကျောင်းပေါင်း ၆,၀၀၀ လောက်မှာ ကျောင်းသား၊ ကျောင်းသူပေါင်း ၈ သိန်းလောက်ရှိပြီး သူတို့ဟာ စတားလင့်ခ့်အင်တာနက်အပေါ် လုံးဝမှီခိုနေရတာလို့ ဆိုပါတယ်။

ဒါ့အပြင် ဂြိုဟ်တုကွန်ရက်တွေကြောင့် လွတ်လပ်တဲ့မီဒီယာတွေနဲ့ မြေပြင်အဖွဲ့တွေဟာ စစ်ရာဇဝတ်မှုတွေနဲ့ ရက်စက်ကြမ်းကြုတ်မှုဆိုင်ရာ အတည်ပြုပြီးသား အစီရင်ခံစာ ရာပေါင်းများစွာကို ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးမှူးတွေနဲ့ နိုင်ငံတကာ စောင့်ကြည့်ရေး အဖွဲ့တွေဆီ ဘေးကင်းကင်း ပို့နိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ 

အခုလို အလုံးစုံပိတ်ဆို့တာဟာ ငွေအင်အားလုံလုံလောက်လောက်ရှိတဲ့ ရာဇဝတ်ဂိုဏ်းတွေကို ယာယီအခက်အခဲဖြစ်စေပြီး တခြားရွေးချယ်စရာလုံးဝမရှိတဲ့ ကျေးလက်လူထု၊ ကျောင်းတွေနဲ့ ဆေးရုံတွေကိုတော့ အမြဲတမ်းအားဖြင့် မျက်စိနဲ့နားတွေ ပိတ်သွားစေမယ်လို့ ထောက်ပြထားပါတယ်။

နည်းပညာမူဝါဒတွေဟာ တိကျဖို့နဲ့ လူသားဆန်ဖို့၊ ထိရောက်ဖို့ လိုအပ်တယ်လို့ ယုံကြည်ပြီး  မှတ်တမ်းတင်ထားပြီးဖြစ်တဲ့ လိမ်လည်မှုစခန်းတွေရဲ့ တည်နေရာပြင်ပမှာရှိတဲ့ စက်ပစ္စည်းတွေရဲ့ ဝန်ဆောင်မှုတွေကို ချက်ချင်းပြန်လည်စတင်ပေးဖို့ အရပ်ဘက်အဖွဲ့တွေက တောင်းဆိုပါတယ်။

ပြီးတော့ မြန်မာနိုင်ငံက အရပ်ဘက်လူမှုအဖွဲ့အစည်းတွေဟာ စက်ပစ္စည်းပိုင်ဆိုင်မှုတွေကို စိစစ်အတည်ပြုပေးနိုင်ဖို့ မြေပြင်အရင်းအမြစ်အဖြစ်ဆောင်ရွက်ပေးနိုင်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိနေတယ်လို့လည်း ထုတ်ပြန်ပါတယ်။

စတားလင့်ခ်သုံးစွဲနေသည် ရခိုင်ပြည်သူများ (Photo : DVB)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013