Homeမြန်မာသတင်း
အုတ်ဖိုအထည်ချုပ်စက်ရုံတခုက အလုပ်သမား ၂ ဦး ကိုဗစ်-၁၉ ရောဂါပိုးထပ်တွေ့၊ စုစုပေါင်း ၄ ဦးရှိလာ
အုတ်ဖိုအထည်ချုပ်စက်ရုံတခုက အလုပ်သမား ၂ ဦး ကိုဗစ်-၁၉ ရောဂါပိုးထပ်တွေ့၊ စုစုပေါင်း ၄ ဦးရှိလာ
DVB
·
November 15, 2020

ပဲခူးတိုင်း၊သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အထည်ချုပ်စက်ရုံတခုမှာ အလုပ်လုပ်တဲ့ မင်းလှမြိုနယ်ညောင်ဝန်းရွာက ၂ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ အုတ်ဖိုကျန်းမာရေးဦးစီးဌာနရဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့ညနေ ထုတ်ပြန်ချက်အရ သိရပါတယ်။
မနေ့မနက်ပိုင်းကလည်း အုတ်ဖိုမြို့နယ် အထည်ချုပ်စက်ရုံ JMKS က အလုပ်သမား ၂ ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တာကြောင့် စုစုပေါင်း ၄ ဦးရှိပြီလို့ သိရပါတယ်။
အတည်ပြုလူနာသစ် ၂ ဦးဟာ အနံ့မရတာကြောင့် နိုဝင်ဘာလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက အိုးသည်ကုန်းမြို့တိုက်နယ်ဆေးရုံမှာ RTD နဲ့ စစ်ဆေးရာက ရောဂါပိုးတွေ့ရှိခဲ့တာလို့ အုတ်ဖိုမြို့နယ် အိုးသည်ကုန်းမြို့ တိုက်နယ်ဆရာဝန်ဒေါက်တာ အေးမင်းသော်က ပြောပါတယ်။
အတည်ပြုလူနာတွေကို မင်းလှဆေးရုံကို ပို့ဆောင်ပေးကုသထားတယ်လို့ အုတ်ဖို့ကျန်းမာရေးဌာနက သိရပါတယ်။
အတည်ပြုလူနာတွေနဲ့ ထိတွေ့သူတွေကိုလည်း စက်ရုံကို မလာခိုင်းဘဲ Home Stay ၁၄ ရက်နေခိုင်းထားတယ်လို့ အုတ်ဖိုမြို့နယ်ကိုဗစ်က-၁၉ ကော်မတီက သိရှိရပါတယ်။
Home Stay သတ်မှတ်ခံထားရတဲ့ စက်ရုံအလုပ်သမားတွေကိုလည်း ပုံမှန်လခရရှိအောင် စက်ရုံတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ အုတ်ဖိုမြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်ဇော်မောင်က ပြောပါတယ်။
JMKS စက်ရုံကို ၁၃၊ ၁၄၊ ၁၅ ရက်ပိတ်ထားသလို ကျန်းမာရေးဌာနက တာဝန်ရှိသူတွေ၊ လူမှူကူညီရေးအသင်းတွေ၊ ဌာနဆိုင်ရာလူကြီးတွေနဲ့ပူးပေါင်းပြီး စက်ရုံကို ဆေးဖျန်းတာတွေ လုပ်ဆောင်ထားကာ ဌာနဆိုင်ရာတွေရဲ့ ညွှန်ကြားချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ အထည်ချုပ်စက်ရုံမန်နေဂျာ ဦးကိုသက်က မနေ့က ပြောထားပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၄ ရက်နေ့ညနေ ထုတ်ပြန်ချက်အရ ပဲခူးတိုင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၆၅ ဦး ထပ်မံတွေ့ရှိတယ်လို့ သိရပါတယ်။