DVB Logo
Home
မြန်မာသတင်း
မန္တလေး လူမှုကူညီရေးအသင်းများ ကိုဗစ်အရေး ရေရှည်ကူညီရန် အခက်အခဲဖြစ်လာ
DVB
·
November 15, 2020
မန္တလေး လူမှုကူညီရေးအသင်းများ ကိုဗစ်အရေး ရေရှည်ကူညီရန် အခက်အခဲဖြစ်လာ
Donate to DVB

ကုန်ကျစရိတ် များလာတာကြောင့် ကိုဗစ်-၁၉ အရေးမှာ ဝင်ရောက်ကူညီပေးနေတဲ့ မန္တလေးမြို့က လူမှုကူညီရေးအသင်းအဖွဲ့တွေဟာ ရေရှည်မှာ အခက်အခဲအများအပြား ရှိလာတယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ ကိုဗစ်-၁၉ အရေး ကူညီဆောင်ရွက်နေတဲ့ လူမှုကူညီရေးအသင်းအဖွဲ့ ၅၀ လောက်ရှိပြီး ရေရှည်မှာဝောာ့ ပရဟိတအသင်းသားတွေရဲ့ စားဝတ်နေရေး ကုန်ကျစရိတ်၊ လူနာ သယ်ယူ ပို့ဆောင်ဖို့ ကုန်ကျစရိတ်တွေ၊ လူနာတွေကို ထိတွေ့ရာမှာ လိုအပ်တဲ့ပစ္စည်းတွေရဲ့ အထွေထွေ ကုန်ကျစရိတ်တွေ များပြားလွန်းလာတာကြောင့် အခက်အခဲတွေဖြစ်လာတယ်လို့ သိရပါတယ်။

ချမ်းမြသုခ ပရဟိတ လူမှုကူညီရေးအသင်းရဲ့ ဥက္ကဋ္ဌ ဦးသန်းထွေးလှိုင်က “အခက်အခဲတွေကတော့ အများကြီးပေါ့။ ပြောရရင်တော့ လောလောဆယ် ကိုဗစ်နဲ့ပတ်သက်ရင် ပီပီအီးဖိုးတွေ ကုန်တယ်၊ ကားဆီဖိုးတွေ ကုန်တယ်။ ဒါတွေက ဘယ်ကမှ မရဘူးလေ။ ကျနော်တို့က အလှူရှင်တွေရဲ့ အားပေးထောက်ခံမှုတွေနဲ့ လှူဒါန်းမှုတွေနဲ့ ရပ်တည်ရတာ ဆိုတော့လေ၊ မော်တော်ယာဉ်ပြင်တဲ့ စရိတ်တွေတို့ ဘာတွေတို့ကျ ဘယ်ကမှ မရဘူးလေ” လို့ ပြောပါတယ်။

ကိုဗစ်ပိုးတွေ့ လူနာတွေ၊ ထိစပ်လူနာတွေကို ကွာရန်တင်း‌စင်တာတွေ၊ ကုသရေးဆေးရုံတွေကို ပို့ဆောင်ရာမှာ ကျန်းမာရေးဌာန ဝန်ထမ်းတွေရဲ့ လုပ်အားနဲ့တင် မလုံလောက်တာကြောင့် လူမှုကူညီရေးအသင်းအဖွဲ့တွေက ဝင်ရောက်ကူညီနေကြတာဖြစ်ပါတယ်။ 

ဖေဖော်ဝါရီလကနေ ဇူလိုင်လအထိ ကူးစက်သူ အများအပြားမရှိ‌ခဲ့တဲ့ ကိုဗစ်ပထမလှိုင်း ကာလမှာတော့ လူမှုရေးအသင်းအဖွဲ့တချို့သာ ဝင်ရောက်လုပ်ဆောင်နေတာဖြစ်ပြီး ဩဂုတ်လကနေ စတင်များပြားလာတဲ့ ဒုတိယလှိုင်းကာလမှာတော့ လူမှုကူညီရေးနဲ့ ကယ်ဆယ်ရေးအသင်းအဖွဲ့ ၅၀ လောက်အထိ ဝင်ရောက်ကူညီ ဆောင်ရွက်နေကြတာလည်း ဖြစ်ပါတယ်။

ရင်ဘတ်တူညီနောင် ကယ်ဆယ်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးဝေဖြိုးဟန်က “ပီပီအီးဆို ယာဉ်မောင်း၊ ယာဉ်နောက်လိုက် နှစ်ယောက်ထည့်ပေးတော့ နှစ်စုံကုန်တယ်။ လမ်းကြောင်းတစ်ကြောင်းမှာ။ အခုဆိုရင် ကျွမ်းကျင်တဲ့ ယာဉ်မောင်းတစ်ယောက်ကို ထားပြီးတော့ သူ့ကို တစ်ယောက်တည်းပဲ တစုံတည်းပဲ ကုန်အောင် ဖန်တီးရတာတွေလည်း ရှိတာပေါ့လေ။ ကိုယ့်အတိုင်းအတာနဲ့ကိုယ် အဲဒီလိုမျိုးတွေတော့ ရှိတာပေါ့။ အဲ့တော့ ဝိုင်းဝန်းကူညီကြမယ်။ သူ့နေရာလေးနဲ့သူ ဆောင်ရွက်ကြမယ်ဆို အကောင်းဆုံးပေါ့ဗျ။ ပူးပေါင်းပါဝင်ပြီးတော့ လှုပ်ရှားမှလည်း ဒီဟာကြီးက ပြီးသွားမှာ။ မန္တလေးက လက်ရှိအနေအထားအရတော့ ထိစပ်တွေက နည်းနည်းများနေဦးမယ်လို့ ကျနော်တို့က ယူဆတယ်” လို့ ပြောပါတယ်။

လူနာသယ်ယူပို့ဆောင်ရတဲ့အခါ စက်သုံးဆီအနေနဲ့ တစ်ရက်ကို ဂါလန် ၂၀ လောက်အထိ ကုန်ကျတာတွေရှိနေပြီး ရေရှည်မှာတော့ အလှူရှင်တွေရဲ့ ဝိုင်းဝန်းကူညီမှု လိုအပ်နေတယ်လို့ ပရဟိတအသင်းတွေထံက သိရပါတယ်။ 

ပရဟိတအသင်းသားတချို့ဟာလည်း ပိုးတွေ့လူနာတွေ ထိစပ်လူနာတွေကို ထိတွေ့နေရတာကြောင့် မိမိနေအိမ်ကို ပြန်လာတဲ့အခါ ရပ်ကွက်နေသူတချို့ရဲ့ ရှောင်ဖယ်တာ၊ အမြင်မကြည်တာ စတဲ့ အခြေအနေတွေကြောင့် လူမှုကူညီရေးအသင်းအဖွဲ့ရုံးတွေမှာပဲ နေထိုင်နေကြရတယ်လို့ သိရပါတယ်။

သတင်း - ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013