DVB Logo
Home
ကျန်းမာရေး
အားတက်ဖွယ်ရာ ရလဒ်ကောင်းနဲ့ ပွဲထွက်လာတဲ့ COVID-19 ကာကွယ်ဆေးသစ်
DVB
·
November 12, 2020
အားတက်ဖွယ်ရာ ရလဒ်ကောင်းနဲ့ ပွဲထွက်လာတဲ့ COVID-19 ကာကွယ်ဆေးသစ်
Donate to DVB

COVID-19 ရဲ့ ကမ္ဘာနဲ့အဝှမ်း ထိခိုက်ပျက်စီးစေမှုတွေကြောင့် လူတိုင်းက ရောဂါကာကွယ်ပေးနိုင်မယ့် ကာကွယ်ဆေ;ကို တောင့်တနေကြတာပါ။ ဆေးဝါးကုမ္ပဏီတွေကလည်း အမျိုးမျိုးစမ်းသပ်တီထွင်မှုတွေ ပြုလုပ်နေကြပါတယ်။ ဒီလိုစမ်းသပ်မှုတွေကြားထဲကနေ ရလဒ်ကောင်းတွေနဲ့ ဆေးဝါးသစ်တစ်မျိုးတော့ ထွက်ပေါ်လာခဲ့ပါပြီ။

ထိပ်တန်း ဆေးဝါးထုတ်လုပ်သူဖြစ်တဲ့ Pfizer ရဲ့ ဆေးဝါးသစ်ဟာ ရလဒ်ကောင်းတွေနဲ့ ပွဲထွက်လာခဲ့ပါတယ်။ စမ်းသပ်မှုတွေအရ ဆေးဝါးသစ်ရဲ့ ရောဂါကာကွယ်နိုင်စွမ်းက ၉၀% ကျော် ထိရောက်မှုရှိတယ်လို့ သူတို့က တရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်။

လူပေါင်း ၁.၂ သန်းကျော်ရဲ့ အသက်ကိုနှုတ်ယူသွားတဲ့ ရောဂါဆိုးကြီးကို တိုက်ထုတ်ရာမှာ တစ်ဖက်တစ်လမ်းကနေ ကူညီနိုင်တော့မယ့် ဟန်ပါပဲ။ တစ်ကမ္ဘာလုံးက စိုးရိမ်ပူပန်နေသူတွေအတွက်လည်း သတင်းကောင်းဖြစ်လာနိုင်ခြေများနေပြီလို့ ဆိုရမှာပါ။

Fortune 500 စာရင်းဝင် အမေရိကန် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကြီး Pfizer ဟာ ဂျာမန်ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်တဲ့ BioNTech နဲ့ ပူးပေါင်းပြီး COVID-19 ကာကွယ်ဆေးထုတ်လုပ်ဖို့ ကြိုးပမ်းနေခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးအဆင့် စမ်းသပ်မှုရလဒ်တွေကို ထုတ်ပြန်လိုက်ရာမှာတော့ အားရဖွယ်ရာ အချက်အလက်တွေ ပါဝင်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိရလဒ်တွေဟာ ပထမအဆင့် သုံးသပ်ချက်ရလဒ်တွေသာဖြစ်ပြီးတော့ ဘက်မလိုက်ပြင်ပပညာရှင်တွေရဲ့ သုံးသပ်ချက်တွေ ထပ်မံလိုအပ်ဦးမှာဖြစ်ပါတယ်။

ဆေးဝါးသစ်က ဘယ်လောက်ထိရောက်မှုရှိသလဲ

ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာတော့ ဆေးဝါးသစ်ဟာ ရောဂါကို တားဆီးနိုင်စွမ်းကောင်းမွန်ပြီး သုတေသနရလဒ်တွေအရဆိုရင် ၉၀% ကျော်အထိ ကာကွယ်နိုင်တယ်လို့ ဆိုထားပါတယ်။ အထူးသဖြင့် စေတနာ့ဝန်ထမ်း စမ်းသပ်ခံသူတွေအားလုံးမှာ သိသာထင်ရှားတဲ့ ရောဂါကူးစက်ခံရမှုလက္ခဏတွေ မပြသခဲ့ဘူးလို့ ဆိုထားတာပါ။

အထူးခြားဆုံးအချက်ကတော့ လူ ၃၉၈၆၂ ဦးကို စမ်းသပ်ခဲ့တဲ့ အချိန် ၂ လတာကာလအတွင်း ဘေးထွက်ဆိုးကျိုးတစ်စုံတစ်ရာ ပြသခြင်းမရှိခဲ့တာပါပဲ။ Pfizer မတိုင်ခင်တုန်းက နောက်ဆုံးစမ်းသပ်မှုအဆင့်အထိ ရောက်ရှိခဲ့တဲ့ ဆေးဝါးတစ်ချို့ဟာ ဘေးထွက်ဆိုးကျိုးရှိခဲ့တာကြောင့် ခုရလဒ်ဟာ အတော်လေး အားရဖွယ်ရလဒ်ဖြစ်လာပါတယ်။

နည်းပညာကို အခြေခံပြီး ထုတ်လုပ်ထားတာဖြစ်တာကြောင့် ကိုယ်ခံအားစနစ်က ဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်စွမ်းကို နှိုးဆွပေးနိုင်စေဖို့ ဆေးကို အသုံးမပြုခင်မှာ အနှုတ် ၇၀ ဒီဂရီ ဆဲလ်စီးယပ်စ်မှာ ထိမ်းသိမ်းထားဖို့ လိုအပ်ပါတယ်။ ဒီအချက်ဟာ လူအများအကြားမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ဖို့အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနိုင်ပါတယ်။ ဒီလို အအေးဒီဂရီမျိုးထိမ်းသိမ်းနိုင်ဖို့ လိုအပ်နေတာကြောင့် သာမန်ဆေးပေးခန်းတွေမှာ ကာကွယ်ဆေးထိုးနှံဖို့ ခက်ခဲလာမှာတော့ အမှန်ပါပဲ။

ဆေးဝါးတီထွင်သူတွေဟာ ကလေးတွေအတွက်လည်း ထည့်သွင်းစဉ်းစားခဲ့ကြပါတယ်။ ဆေးဝါးကို စတင်စမ်းသပ်ချိန်တုန်းက ၁၈ နှစ်အထက် အရွယ်ရောက်ပြီးသူတွေကိုသာ စမ်းသပ်ခဲ့တာဖြစ်ပေမယ့် ခုချိန်မှာတော့ ၁၆ နှစ်အထိ အသက်အရွယ် လျှော့ချသတ်မှတ်နေပါတယ်။ ဒါပေမယ့်လည်း ၁၆ နှစ်အောက်ကလေးတွေမှာ အဆင်ပြေနိုင်သလားဆိုတာကိုတော့ သေချာမသိနိုင်သေးပါဘူး။ မကြာခင်မှာတော့ ၁၂ နှစ်အောက်ကလေးတွေမှာ စမ်းသပ်သွားဖို့ရှိတယ်လို့ ဆိုထားပါတယ်။

ကုမ္ပဏီကြီးကတော့ သူတို့ရဲ့ ဆေးဝါးအပေါ် အပြည့်အဝယုံကြည်မှုရှိနေတာမို့ ယခုလကုန်မှာ FDA အသိအမှတ်ပြုမှုရရှိဖို့အတွက် ခွင့်ပြုချက်တောင်းခံထားပြီး FDA Approved ရရှိရင် တရားဝင်ဆေးဝါးအဖြစ် ဖြန့်ချိသွားဖို့ စီစဉ်နေပါတယ်။ အဆိုပါဆေးဝါးကို ယခုနှစ်ကုန်မှာ ၁၅ သန်းကနေ သန်း ၂၀ အထိ ထုတ်လုပ်သွားဖို့ရှိနေကြောင်းလည်း ဆေးဝါးကုမ္ပဏီဘက်ကဆိုထားပါတယ်။

တစ်ဖက်မှာလည်း အစောပိုင်းကကြုံခဲ့ရတဲ့ အတွေ့အကြုံတွေအရ ကနဦးရလဒ်တွေအပေါ် လွန်လွန်ကဲကဲ ယုံကြည်မှုမထားဖို့ သတိပေးမှုတွေလည်း ရှိနေပါတယ်။ ရေရှည်လုံခြုံစိတ်ချရမှုကို ဦးစားပေးဖို့အတွက် အချိန်လုံလုံလောက်လောက်ယူဖို့ ဆေးသိပ္ပံပညာရှင်တစ်ချို့က တိုက်တွန်းနေကြတာပါ။

အထူးသဖြင့် FDA Approved ရရှိထားပြီးဖြစ်ပေမယ့် သိသာထင်ရှားတဲ့ ထိရောက်မှုမျိုးမပြသနိုင်ဖြစ်နေတဲ့ COVID-19 ရောဂါကုသဆေး Remdesivir နဲ့ ကနဦးရလဒ်ကောင်းမွန်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဘေးထွက်ဆိုးကျိုးတွေပေါ်ထွက်လာတာကြောင့် ရပ်တန့်လိုက်ရတဲ့ အောက်စ်ဖို့ဒ်တက္ကသိုလ်ရဲ့ COVID-19 ကာကွယ်ဆေးတွေကို ဥပမာပေးပြီး သတိပေးနေကြတာဖြစ်ပါတယ်။

Pfizer ကတော့ သူတို့ရဲ့ဆေးဝါးကို ယုံကြည်မှုအပြည့်အဝထားနေပြီး အစောဆုံးဇန်နဝါရီလမှာ မမျှော်မှန်းနိုင်လောက်တဲ့ အရှိန်နှုန်းနဲ့ ဆေးဝါးတွေဖြန့်ချိပြီး ဈေးကွက်ကို လက်ဝါးကြီးအုပ်ဖို့ ရည်မှန်းနေပါတယ်။

ဆေးဝါးသစ်အနေနဲ့ မျှော်မှန်းထားသလို ရလဒ်ကောင်းတွေနဲ့ လူသားတွေရင်ဆိုင်နေရတဲ့ ရောဂါဆိုးကြီးကို ကာကွယ်ပေးနိုင်မလား၊ ရှေ့က စမ်းသပ်ချက်တွေလို အဖျားရှူးသွားမလားဆိုတာကိုတော့ လာမယ့် အချိန်တိုကာလလေးအတွင်းမှာ သိရတော့မှာဖြစ်ပါတယ်။

ရေးသားသူ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ 


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013