DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးနှင့် ပြည်သူ့လိုလားချက်များဖော်ဆောင်မည်ဟု အနိုင်ရ ကယားလူငယ် ကိုယ်စားလှယ်များပြော  
DVB
·
November 11, 2020
ငြိမ်းချမ်းရေးနှင့် ပြည်သူ့လိုလားချက်များဖော်ဆောင်မည်ဟု အနိုင်ရ ကယားလူငယ် ကိုယ်စားလှယ်များပြော  
1 / 5
Donate to DVB

လူဦးရေ ၃ သိန်းလောက်သာရှိတဲ့ ကယားပြည်နယ်မှာ  ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပပြီးစီးသွားတဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၃၄ နေရာစလုံးမှာ နေရာပြည့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပါတီ ၄ ခုရှိပါတယ်။

ပြည်နယ်အခြေစိုက်ပါတီတွေဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကတော့ နေရာ ၃၀ နဲ့ ကယန်းအမျိုးသားပါတီက ၄ နေရာနဲ့  မဟာမိတ်ဖွဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာမှ  ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) ကတော့ နေရာ ၃၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ  ကိုယ်စားလှယ်နေရာ ၈ နေရာ အနိုင်ရခဲ့ပါတယ်။

အနိုင်ရသူအများအစုဟာ ပြည်နယ်အ‌ရေး၊ တိုင်းရင်းသားအရေးနဲ့ မြေယာအရေးတွေမှာ တက်ကြွစွာလှုပ်ရှားခဲ့တဲ့ကိုယ်စားလှယ်တွေဖြစ်ပြီး အမျိုးသမီး ၂ ယောက်ပါဝင်ပါတယ်။ အနိုင်ရ ကိုယ်စားတွေထဲမှာလည်း အသက် ၂၅ နှစ်နဲ့ အသက် ၂၇ နှစ်လူငယ် ၂ ယောက်ပါဝင်ပါတယ်။ အနိုင်ရသွားတဲ့ ဒီလူငယ်အမျိုးသမီးတွေကတော့ ဒေသငြိမ်းချမ်းရေး၊ ပြည်သူတွေရဲ့ အဓိက လိုလားချက်တွေကို အကောင်အထည်ဖော် လုပ်ဆောင်သွားမယ်လို့ ပြောဆိုကြပါတယ်။

အသက် ၂၅ နှစ်အရွယ် အနိုင်ရကိုယ်စားလှယ် မိုင်ကယ် (ခ)ဘိုးရယ်ဟာဆိုရင် ရှားတောမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၁ မှာ အနိုင်ရရှိထားတဲ့ အသက်အငယ်ဆုံး ကိုယ်စားလှယ်ဖြစ်ပါတယ်။

သူ့အနေနဲ့ကတော့ ရွေးကောက်ပွဲကာလမှာ ကတိကဝတ်တွေပေးထားတဲ့အတိုင်း ပြန်လည်အကောင်အထည်ဖော်မှာဖြစ်သလို ဒေသငြိမ်းချမ်းရေးကို ဦးစားပေးလုပ်ဆောင်သွားမယ် လို့ ပြောပါတယ်။

“ကျနော်က ကျနော့်မြို့နယ်အတွက် ရွေးကောက်ပွဲကာလမှာ ကျနော်ပေးထားတဲ့ ကတိကဝတ်တွေကို ကျနော်ပြန်လည်အကောင်အထည်ဖော်မယ်။ ပြီးတော့ ကျနော့်မြို့နယ်က အခုချိန်ထိ ကောင်းကောင်းမအေးချမ်းသေးဘူးပေါ့နော်။ ဆိုတော့ ကျနော်ငြိမ်းချမ်းရေးအတွက် ကျနော်ကြိုးစားမယ်၊ အတိုင်းရင်းသားအခွင့်အရေးတွေ၊ နောက်ကျနော်အဓိကသွားမယ့် အရာကတော့ လူထုတွေရဲစိတ်ပိုင်းဆိုင်ရာတိုးတက်ဖို့နဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ဖို့တွေပေါ့။ အဲဒါတွေကို ကျနော် လွှတ်တော်ထဲရောက်ရင် ကျနော်ကြိုးပမ်းသွားမှာပေါ့။  ”

အလားတူ ရှားတောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရပြီဖြစ်တဲ့ အသက် ၂၇ နှစ်အရွယ် လူငယ်အမျိုးသမီး ကိုယ်စားလှယ် မော်မိုးမြာကတော့ ပထမဆုံး ဒေသငြိမ်းချမ်းကို ကိုလုပ်ဆောင်သွားမယ်လို့ပြောပါတယ်။

“ပထမဆုံး ကျမလုပ်ဆောင်မယ့်အလုပ်က ဒေသငြိမ်းချမ်းရေးဖြစ်တယ်။ ဒေသငြိမ်းချမ်းရေး ကျမတို့ရှားတောမြို့နယ်အတွက် အရေးတကြီးလိုအပ်နေပြီ။ ရှားတောမြို့နယ်ဟာဆိုရင်  စစ်ဘေးဒဏ်ကြောင့် ငြိမ်းချမ်းရေးအရသာလည်း မခံစားခဲ့ရဘူး။ ပထမဆုံး ဒေသငြိမ်းချမ်းရေးကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ တိုင်းရင်းသားအခွင့်အရေး ပြန်လည် ရရှိရေး ကိစ္စဖြစ်တယ်။ အဲဒီမှာဆိုရင် ကျမတို့ ရှားတောမြို့နယ်မှာ လူထုတွေက ရိုးရိုးသားသား လုပ်ကိုင် စားသောက်လာတယ်။ ယဉ်ကျေးမှုရိုးရာဓလေ့အရ ရိုးရာဓလေ့ကို ထိန်းသိမ်းချင်တယ်။ တတိယအချက်တော့ လူငယ်နဲ့အမျိုးသမီးအခွင့်အရေးကိစ္စကို လုပ်ဆောင်သွားပေးမှာဖြစ်ပါတယ်။ ကျမက လူငယ်တယောက်လည်း ဖြစ်တယ်၊ အမျိုးသမီးတယောက်လည်း ဖြစ်တယ်ဆိုတော့ လွှတ်တော်ထဲရောက်ရင် ဥပဒေပြုရေးနေရာမှာ လူငယ်လူထုတွေရဲ့အသံတွေ အတည်ပြုသွားမယ် ဆိုတဲ့ အချက် ၃ ချက်နဲ့ ကျမက ပထမ ၃ ချက်ကို ချပြီးလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ”

ဖရူဆိုမြို့နယ် မဲဆန္ဒနယ် ၂ မှာ  အနိုင်ရကိုယ်စားလှယ် ဒေါ်အယ်ဗလင်းဟာလည်း အသက် ၃၀ ကျော် အမျိုးသမီးတဦးဖြစ်လို ကယားပြည်နယ်လွှတ်တော်ရဲ့ ၂၀၁၀၊ ၂၀၁၅ လွှတ်တော် သက်တမ်း နှစ်ဆက်လုံး အမျိုးသမီးကိုယ်စားလှယ်တစ်ဦးတစ်ယောက်မှ မရှိခဲ့ရာကနေ  ပထမဆုံး ရွေးကောက်ခံရတဲ့ အမျိုးသမီးကိုယ်စားလှယ် ၂ ဦးထဲက တစ်ဦး ဖြစ်ပါတယ်။

“၁၀ နှစ်သက်တမ်းလုံးမှာ ၂၀၁၀ အစိုးရ၊ ၂၀၁၅ အစိုးရရဲ့အမျိုးသမီးတွေပါမလာတဲ့အပေါ်မှာ ကျမတို့ အမျိုးသမီးတွေရဲ့အသံတွေက လွှတ်တော်ထဲမှာ တော်တော်လေးကို ဆိတ်ငြိမ်သွားတယ်လို့ ခံစားချက် ရှိခဲ့ကြတယ်ပေါ့။ ဆိုတော့ ကျမထင်တယ်။ ကျမတို့အမျိုးသမီးထုလည်း ဒီ ၂၀၂၀ ရွေးကောက်ပွဲရလဒ်မှာ အမျိုးသမီး ၂ ဦးပါလာတဲ့အပေါ် အားလုံးလည်း ဝမ်းသာကြမယ်လို့ထင်ပါတယ်။ ”

ဒါ့အပြင်  ဒေါ်အယ်ဗာလင်းကတော့ လွှတ်တော်ထဲရောက်သွားရင် လွှတ်တော်နဲ့အစိုးရ ထိန်းကျောင်းတဲ့အခြေအနေပိုပြီး ထိထိမိမိဖြစ်အောင်နဲ့ မတူညီတဲ့အဖွဲ့တွေကို ပြန်လည်စုစည်း သွားမယ်လို့လည်း ပြောပါတယ်။

“လွှတ်တော်ထဲကို ရောက်သွားပြီဆိုတာနဲ့ လွှတ်တော်ရဲ့ အခန်းကဏ္ဍ အရေးကြီးပုံကိုတော့ ဒါကို သက်သေပြမှရတော့မယ်။ လွှတ်တော်အနေနဲ့ အစိုးရ၊ လွှတ်တော် ထိန်းကျောင်းတဲ့ အခြေအနေကို ပိုပြီးတော့မှ အင်အားရှိလာအောင်၊ ပိုပြီးတော့မှ ထိထိမိမိရှိလာအောင် အစိုးရနဲ့လွှတ်တော်အကြားမှာ အာဏာထိန်းညှိတဲ့ကိစ္စကို အဓိက လုပ်ဆောင်သွားမယ်လို့ အစ်မအနေနဲ့ပြင်ဆင်ထားတယ်ပေါ့နော်။ ဒါအပြင် ကရင်နီပြည်နယ်အနေနဲ့ အရမ်းအရေးကြီးတဲ့ အချက်တချက်က ဒီပြည်နယ်အတွင်းမှာရှိတဲ့ မတူကွဲပြားတဲ့ အုပ်စုတွေပေါ့နော်။ အခုလက်ရှိ အခြေအနေပေါ်မှာကို  ပြန်လည်ပြီး ညီညီညွတ်ညွတ်နဲ့ အလုပ်အကိုင်ဖော်ဆောင်ရေးကို အစ်မတို့က အဓိကသွားမယ်လို့ယုံကြည်ထားတဲ့အတွက် ဒီပြည်နယ်မှာရှိတဲ့ မတူကွဲပြားတဲ့ လက်နက်ကိုင်အဖွဲ့ တွေရှိမယ်၊ မျိုးနွယ်စုတွေရှိမယ်၊ စာပေယဉ်ကျေးမှုတွေရှိမယ်။ လူမှုအသင်းအဖွဲ့တွေ ရှိမယ်ပေါ့နော်။ ဒီအရာအားလုံးကို အစ်မတို့အနေနဲ့ အသိအမှတ်ပြုလက်ခံပြီးတော့မှ ရှေ့ဆက် အတူတကွပြည်နယ်ရဲ့ကောင်းကျိုးကိုသွားဖို့အတွက် ပြန်လည်သင့်မြတ်ရေးလမ်းကြောင်းကို သွားမယ်။”

ကယားပြည်နယ်ရှိ မဲဆန္ဒနယ်  ၃၄ နေရာအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေရာ ၂၀၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ( KySDP) က ၈ နေရာ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၆ နေရာတို့ အသီးသီး အနိုင်ရရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013