
ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်သူအဖြစ် လာရောက်ခဲ့တဲ့ INGO တခုက နိုင်ငံခြားသား အမျိုးသမီး ၁ ဦးနဲ့ စကားပြန် ၁ ဦးတို့မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲစောင့်ကြည်ပြီး နိုဝင်ဘာ ၁၀ ရက်နေ့ကအပြန် မီးနင်းချောင်းဂိတ်မှာ RDT နဲ့ စစ်ဆေးရာမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တာလို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်ဆီက သိရပါတယ်။
ခရိုင်ရွေးကောက်ပွဲကော်မရှင်မှ လ/ထညွှန်ကြားရေးမှူး ဒေါ်အေးအေးမော်မှ "ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ဖို့သူတို့ ဝင်လာတုန်းကတော့ ကျန်းမာရေးထောက်ခံစာ အပြည့်အစုံနဲ့ လာကြတာ၊ ပြန်အထွက်မှာ စစ်တဲ့အခါကျမှ အဲ့ဒီ ANFREL အဖွဲ့က ဖိလစ်ပိုင် အမျိုးသမီးနဲ့ သူ့စကားပြန်တို့ ၂ ယောက် positive ဖြစ်နေတယ်။ သူတို့နဲ့ ထိတွေ့ထားတဲ့ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်တခုလုံး ဝန်ထမ်းတွေနဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေ အားလုံးကတော့ ကွာရန်တင်းဝင်ပြီး ရောဂါပိုးရှိမရှိ စစ်ရတော့မှာပေါ့။ လူဦးရေအတိအကျတော့ မသိရသေးဘူး " လို့ ပြောပါတယ်။
ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ဖို့ လာရောက်ခဲ့တဲ့ ဖိလစ်ပိုင်အမျိုးသမီးနဲ့ သူ့ရဲ့ စကားပြန်တို့ဟာ နိုဝင်ဘာ ၄ရက်နေ့မှာ သာယာဝတီခရိုင်ကို ကောက်ရှိလာခဲ့ပြီး လက်ပံတန်းမြို့က Royal Pine Hill Hotel မှာတည်းခိုခဲ့တယ်လို့ သိရပါတယ်။
သာယာတီခရိုင်အတွင်း မြို့နယ် ၈ မြို့နယ်မှာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွင်း ပြည်တွင်းအဖွဲ့အစည်း ၃ ခု၊ ပြည်ပအဖွဲ့အစည်း ၁ ခုတို့က လေ့လာစောင့်ကြည့်သူ စုစုပေါင်း ၅၀ လောက်ရှိတယ်လို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်က သိရပါတယ်။
သတင်း - ဝဏ္ဏထွန်း











