
ရခိုင်မှာ ရေကြီးရေလျှံမှုကြောင့် ဖြစ်ပွားနိုင်တဲ့ ကျန်းမာရေးအန္တရာယ်တွေနဲ့ ပတ်သက်ပြီး အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အရေးပေါ်အသိပေးချက်တရပ်ကို ဇူလိုင် ၁၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ရက်ဆက်မိုးရွာသွန်းမှုကြောင့် အာရက္ခဒေသ မြို့နယ်တချို့မှာ ရေကြီးရေလျှံမှုတွေ ဆက်လက်ဖြစ်ပွားနေပြီး အဲဒီအခြေအနေဟာ ပြည်သူတွေရဲ့ ကျန်းမာရေးကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ထိခိုက်စေနိုင်တာကြောင့် တကိုယ်ရေသန့်ရှင်းရေးနဲ့ မိသားစုကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့ တိုက်တွန်းထားပါတယ်။
ရေကြီးနေချိန်အတွင်း ရေနစ်သေဆုံးနိုင်တာ၊ အဆောက်အအုံပြိုကျတာ၊ မြေပြိုတာ ဒါမှမဟုတ် ရေစီးနဲ့ မျောပါလာတဲ့ အပျက်အစီးတွေကြောင့် ထိခိုက်ဒဏ်ရာရနိုင်တာ၊ မြွေ၊ ကင်းနဲ့ တခြား အဆိပ်ရှိတိရစ္ဆာန်တွေ ကိုက်ခံရနိုင်တာအပြင် အရေပြားရောဂါ၊ မျက်စိရောဂါနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်ပွားနိုင်တယ်လို့ ဆိုပါတယ်။
ရေပြန်ကျပြီးနောက်ပိုင်းမှာလည်း ဝမ်းပျက်ဝမ်းလျှော၊ ဝမ်းကိုက်၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ အသည်းရောင်အသားဝါ A နဲ့ E၊ လပ်တိုစပိုင်ရိုစစ် (Leptospirosis) ရောဂါတွေအပြင် နေရပ်စွန့်ခွာရမှုကြောင့် စိတ်ဖိစီးမှုနဲ့ စိတ်ကျန်းမာရေးပြဿနာတွေ ဖြစ်ပွားလာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာနကတော့ လက်ရှိရေဘေးသင့်ဒေသတွေမှာ ဆေးဝါးထောက်ပံ့တာ၊ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ကွင်းဆင်းကုသပေးတာ၊ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာနဲ့ အရေးပေါ်လူနာတွေကို အချိန်မီ လွှဲပြောင်း ကုသပေးတာတွေကို ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရေဘေးသင့်ဒေသတွေမှာ ကူးစက်ရောဂါ ဒါမှမဟုတ် အရေးပေါ်ကျန်းမာရေး ပြဿနာတစုံတရာ ဖြစ်ပွားလာရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ နီးစပ်ရာ ကျန်းမာရေးဌာနတွေကို အမြန်ဆုံး သတင်းပေးပို့ကြဖို့လည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက တိုက်တွန်းထားပါတယ်။










