DVB Logo
Home
နိုင်ငံတကာ
ထိုင်း ဆေးခြောက်တင်ပို့မှု ဘတ်ငွေ  ၂ ဘီလီယံခွဲ ကျော်ရှိ
DVB
·
June 29, 2026
Photo: DVB
Photo: DVB
Donate to DVB

ထိုင်းနိုင်ငံကနေ ပြည်ပနိုင်ငံတွေကို ဆေးခြောက်တင်ပို့မှုတန်ဖိုးပမာဏ စုစုပေါင်း ထိုင်းဘတ်ငွေ  ၂ ဒသမ ၅၆၆ ဘီလီယံ ကျော်လွန်သွားပြီလို့ ထိုင်းအစိုးရက ပြောတဲ့အကြောင်း Khaosod ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဆေးခြောက်တင်ပို့သူတွေအတွက် လုပ်ထုံးလုပ်နည်းတွေကို လွယ်ကူချောမွေ့စေဖို့ ဒစ်ဂျစ်တယ်စနစ်နဲ့  အီလက်ထရွန်နစ် ပို့ကုန်သတိပေးချက်စနစ်ကို စတင်ကျင့်သုံးဖို့ ပြင်ဆင်နေတယ်လို့လည်း ဆိုပါတယ်။

ဇွန် ၂၇ ရက်က ထိုင်းအစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ ပလွိုင်းထလဲ့ လက်စမီဆန်ချန်က အစိုးရအနေနဲ့ ပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ထိရောက်မှုအားကောင်းစေဖို့ ရုံးပိုင်းဆိုင်ရာ လုပ်ငန်းစဉ်တွေ ထပ်နေတာကို လျှော့ချဖို့၊ ဌာနဆိုင်ရာတွေအကြား အချက်အလက်ဖလှယ်မှုကို မြှင့်တင်ဖို့နဲ့ ကုန်သွယ်မှုကို လွယ်ကူချောမွေ့စေဖို့ ဒစ်ဂျစ်တယ်စနစ် ဆောင်ရွက်ဖို့ စီစဉ်နေတာလို့ ပြောပါတယ်။

ထိုင်းအစိုးရရဲ့ အဆိုအရ ထိုင်းနိုင်ငံရဲ့ ထိန်းချုပ်ထားတဲ့ ဆေးဖက်ဝင်အပင်ထွက်ပစ္စည်းတွေ စုစုပေါင်းတင်ပို့မှုဟာ ဘတ် ၂ ဘီလီယံခွဲကျော်ရပြီး  စုစုပေါင်း တင်ပို့မှုပမာဏမှာ ကီလိုဂရမ် ၂၀၁,၆၅၈ ထက် ကျော်လွန်နေလို့ ဒီကဏ္ဍဟာ ဆက်တိုက်တိုးတက်နေမှုကို ထင်ဟပ်နေတယ်လို့ ဆိုပါတယ်။

အရင်က ဆေးခြောက်တင်ပို့တဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် စာရွက်စာတမ်းတွေ ပြင်ဆင်ပြီး လူကိုယ်တိုင်သွားရောက် တင်ပြခဲ့ရတာဖြစ်ပြီး စနစ်သစ် ချိတ်ဆက်ပြီးပါက တင်ပို့သူတွေဟာ လျှောက်လွှာတွေကို  DTAM Next ပလက်ဖောင်းကနေတဆင့် ရာနှုန်းပြည့် တင်သွင်းနိုင်မယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

ဒစ်ဂျစ်တယ်စနစ်ကြောင့် တနှစ်ကို စာရွက်စာတမ်းအသုံးပြုမှု အစောင်ရေ ၁,၂၀၀ မှ ၂,၄၀၀ ကျော်အထိ လျှော့ချနိုင်မှာဖြစ်ပြီး တင်ပို့သူတွေအတွက် သွားလာစရိတ်နဲ့ စီမံခန့်ခွဲမှုစရိတ်တွေကို သက်သာစေမယ်လို့ တာဝန်ရှိသူတွေက မျှော်မှန်းထားပါတယ်။

ဒါ့အပြင် စနစ်သစ်ကြောင့် စာရွက်စာတမ်းပေးပို့ချိန် အပါအဝင် အရင်က ၅ ရက်မှ ၇ ရက်အထိ ကြာမြင့်ခဲ့တဲ့ လုပ်ငန်းစဉ်အချိန်ကို အီလက်ထရွန်နစ် ပလက်ဖောင်းကနေ တဆင့် ၁ ရက်မှ ၂ ရက်အတွင်း လျှော့ချနိုင်မှာဖြစ်ပြီး စီးပွားရေးလုပ်ငန်းတွေအတွက် ပို့ကုန်အစီအစဉ်တွေကို ပိုမိုကောင်းမွန်စွာ ချမှတ်နိုင်စေကာ လုပ်ငန်းလည်ပတ်မှုများကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲနိုင်မယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

တချိန်တည်းမှာပဲ ဆေးခြောက်ဆေးညွှန်းစာရွက်အတုတွေ ပြုလုပ်တာနဲ့ တရားမဝင် ရောင်းဝယ်တာတွေကို  ပြင်းထန်စွာ အရေးယူမယ်လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက သတိပေးလိုက်ပါတယ်။

ဖောထော ၃၃ လို့ လူသိများတဲ့ ဆေးခြောက်ဆေးညွှန်းစာရွက်တွေကို အတုပြုလုပ်တာ တရားမဝင် ရောင်းဝယ်တာနဲ့ ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ လွဲမှားစွာ အသုံးပြုနေတာတွေကို စုံစမ်းတွေ့ရှိရပြီးနောက် တင်းကျပ်စွာ အရေးယူဆောင်ရွက်ဖို့  ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ပေးလိုက်တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ထိုင်းရိုးရာနှင့် အစားထိုးဆေးပညာဦးစီးဌာန (DTAM) ဟာ ရဲတပ်ဖွဲ့၊ လုံခြုံရေးအေဂျင်စီတွေနဲ့ ပူးပေါင်းကာ ဆေးညွှန်းစာရွက်အတု ထုတ်လုပ်တာ၊ အသုံးပြုတာတွေနဲ့ ပါဝင်ပတ်သက်နေသူတွေ၊ ဆေးခြောက်အရောင်းဆိုင်တွေ၊ ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံတွေနဲ့  ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေကို အရေးယူမယ်လို့လည်း သတိပေးထားပါတယ်။

ဥပဒေချိုးဖောက်မှုတွေထဲမှာ ဆေးဖက်ဆိုင်ရာ ရောဂါရှာဖွေတာ၊ ဆွေးနွေးတိုင်ပင်ခြင်းမရှိဘဲ ထိန်းချုပ် ဆေးဖက်ဝင် ဆေးခြောက်ထုတ်ကုန်တွေ ရယူဖို့ ဆေးဘက်ဆိုင်ရာ ထောက်ခံစာအတုနဲ့ ဖောထော ၃၃ ဆေးညွှန်းစာရွက်အတုတွေကို အသုံးပြုတာတွေ ပါဝင်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

အဆိုပါ ပုံစံစာရွက်အတုတွေကို ဆေးခြောက်ကို ဖျော်ဖြေရေးအတွက် အသုံးပြုဖို့ ရောင်းချနေကြကြောင်း ထိန်းချုပ်ထားတဲ့ ဆေးဖက်ဝင်ဆေးခြောက်ကို တရားဝင်ကုသမှု ရည်ရွယ်ချက်တွေအတွက် တင်းကျပ်တဲ့ ဆေးဖက်ဆိုင်ရာ ကြီးကြပ်မှုအောက်မှာသာ အသုံးပြုရမယ်လို့ DTAM ညွှန်ကြားရေးမှူးချုပ်ရဲ့ ဒုတိယလက်ထောက် ဒေါက်တာ ထေဝမ် သာနီရတ်က ပြောပါတယ်။

ဆေးဖက်ဆိုင်ရာ ထောက်ခံစာအတုတွေ၊ တရားမဝင် ဖောထော ၃၃ ရောင်းချမှုများကို တွေ့ရှိရပါက Traffy Fondue အပလီကေးရှင်း ဒါမှမဟုတ် ဟော့လိုင်းဖုန်းနံပါတ် 02-257-7042 သို့ ဆက်သွယ်တိုင်ကြားကြဖို့ မိဘပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို  တိုက်တွန်းထားပါတယ်။

Source: Khaosod

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013