
မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၃၄၂ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၁၀၃၅ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ ၆ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ ကမာရွတ်မြို့နယ်က ၈၉ ယောက်၊ သင်္ဃန်းကျွန်း ၆၃ ယောက်၊ သာကေတနဲ့ အင်းစိန် ၆၂ ယောက်စီ၊ မြောက်ဥက္ကလာပနဲ့ မရမ်းကုန်းက ၅၉ ယောက်နဲ့ ရွှေပြည်သာက ၅၇ ယောက်နဲ့ အများဆုံး တွေ့ရှိ ခဲ့ပြီး စုစုပေါင်း မြို့နယ် ၄၀ ပါဝင်နေတာ ဖြစ်ပါတယ်။
တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်း မြို့နယ် ၁၅ ခုမှာ ၈၉ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၄ ခုမှာ ၇၉ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၉ ခုမှာ ၆၄ ယောက်၊ စစ်ကိုင်းတိုင်းမြို့ နယ် ၇ ခုမှာ ၁၆ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၄ ခုမှာ ၁၁ ယောက်၊ ရခိုင်ပြည် နယ်မြို့နယ် ၅ ခုမှာ ၁၀ ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၃ ခုမှာ ၁၀ ယောက်၊ ကရင်ပြည်နယ် မြို့နယ် ၂ ခုမှာ ၈ ယောက်၊ တနင်္သာရီတိုင်း မြိတ်မြို့မှာ ၈ ယောက်၊ မကွေးတိုင်းမြို့နယ် ၅ ခုမှာ ၅ ယောက်၊ နေပြည်တော် မြို့နယ် ၂ ခုမှာ ၃ ယောက်၊ ကယားပြည်နယ် လွိုင်ကော် ၃ ယောက်၊ ချင်းပြည်နယ် ဟားခါး ၁ ယောက်စီ အသီးသီး တွေ့ရှိခဲ့ပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၃၃၀ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၆ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၅၉၂၇၇ ယောက်၊ သေဆုံးသူ ၁၃၇၆ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၄၃၂၇၇ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေ ၆ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၉ ဒသမ ၇ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၂ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၅ ဒသမ ၃ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။










