DVB Logo
Home
မြန်မာသတင်း
ဘဏ္ဍာရန်ပုံငွေဆိုင်ရာ ပွင့်လင်းမြင်သာမှုဆန်းစစ်ခြင်းတွင် ပါတီအချို့ ဖြေကြားရန် ငြင်းဆို
DVB
·
November 7, 2020
ဘဏ္ဍာရန်ပုံငွေဆိုင်ရာ ပွင့်လင်းမြင်သာမှုဆန်းစစ်ခြင်းတွင် ပါတီအချို့ ဖြေကြားရန် ငြင်းဆို
Donate to DVB

နိုင်ငံရေးပါတီတွေရဲ့ ပွင့်လင်းမြင်သာမှုဆန်းစစ်တာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ခိုင်ဖြိုးပါတီ အပါအဝင် ပါတီအချို့ ပါဝင်ဖြေဆိုတာ မရှိခဲ့ဘူးလို့ အစီရင်ခံတခုက ဆိုပါတယ်။

မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့ (MATA)က ပြုလုပ်ခဲ့တဲ့ နိုင်ငံရေးပါတီတွေရဲ့ ဘဏ္ဍာရန်ပုံငွေဆိုင်ရာ ပွင့်လင်းမြင်သာမှု ဆန်းစစ်တာမှာ ပြည်နယ်အခြေစိုက်ပါတီ တော်တော်များများကပဲ ဖြေဆိုခဲ့ကြတာပါ။

လာမယ့်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၃၀ နဲ့အထက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ၂၃ ခုကို ရွေးချယ်ခဲ့ပြီး အွန်လိုင်းနဲ့ တယ်လီဖုန်းကနေ ချိတ်ဆက်မေးမြန်းခဲ့တာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ရခိုင့်ဦးဆောင်ပါတီနဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီတို့ဟာ သုတေသနလုပ်ငန်းစဉ်မှာ မပါနိုင်ဘူးလို့ ငြင်းခဲ့ကြပါတယ်။

ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (နှင်းဆီပါတီ) ကတော့ ဖျက်သိမ်းခံခဲ့ရတာကြောင့် မေးမြန်းမယ့် အစီအစဉ်ကို ဖျက်ခဲ့တယ်လို့ MATA ဆိုပါတယ်။

မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ တို့ကတော့ သတ်မှတ် နောက်ဆုံးရက်အထိ အကြောင်းပြန်တာမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး ပြောခွင့်ရသူတယောက်ဖြစ်တဲ့ ဦးရဲလင်းမြင့်က “ပါတီတိုင်းကို မေးခွန်းတွေ အရင်ပို့ပြီးမှ ဖြေဖို့ ဖိတ်ခေါ်ပါတယ်။ မဖြေဖို့ ငြင်းခဲ့တဲ့အထဲမှာ ပါတီကြီးတွေပါနေတယ်။ သူတို့က ဗဟိုကော်မတီဝင်တွေ မအားသေးတာကြောင့် စသည်ဖြင့် ဖြေဖို့ အဆင်မပြေသေးဘူး ငြင်းခဲ့တာပါ။ ဒီလို (သုတေသန)လုပ်တာကတော့ ကောင်းတယ်လို့ ပြောကြပါတယ်” လို့ ပြောပါတယ်။

ပါဝင် မဖြေခဲ့ပေမယ့် အသေးစိတ် အစီရင်ခံစာမှာတော့ ရွေးချယ်ခဲ့တဲ့ပါတီတွေအားလုံးရဲ့ ပွင့်လင်းမြင်သာမှုကို ဆန်းစစ်ဖော်ပြသွားမယ်လို့ သူက ဆက်ပြောပါတယ်။

ဒါကြောင့် ဒီ သုတေသနစာတမ်းမှာ ကချင်ပြည်နယ် ပြည်သူ့ပါတီ၊ ကယားပြည်နယ် ဒီမိုကရက်တစ် ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ၊ တအာင်း(ပလောင်) အမျိုးသားပါတီ၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင် ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်တို့ပဲ ပါဝင်ဖြေဆိုခဲ့ကြပါတယ်။

ဖြေဆိုသူတွေက ဘဏ္ဍာရေးဆိုင်ရာ မူဝါဒ အချက်အလက်တွေကို အခါအားလျော်စွာ ထုတ်ပြန်တာ၊ တောင်းဆိုသူရှိရင်ထုတ်ပြန်တာမျိုးရှိပြီး ပြည်နယ်အခြေစိုက်ပါတီတွေကတော့ သက်ဆိုင်ရာ မဲဆန္ဒနယ်တွေက ပါတီဝင်တွေ၊ ထောက်ခံသူတွေကိုပဲ ရည်ရွယ်ထုတ်ပြန်တာလို့ ဆိုပါတယ်။

ဖြေခဲ့တဲ့ ပါတီအားလုံးက ပါတီပိုင်စီးပွားရေးမရှိကြဘူးလို့ဆိုပြီး ထောက်ခံသူ၊ ပါတီဝင်နဲ့ အလှူရှင်တွေ ထောက်ပံ့တာနဲ့ ရပ်တည်ကြတယ်လို့ ဆိုပါတယ်။

ပြီးတော့ ပါတီအားလုံးဟာ ရွေးကောက်ပွဲ ကြေညာစာတမ်း ကတိကဝတ်တို့ကို အများပြည်သူ ကြည့်နိုင်ဖို့ ထုတ်ပြန်ထားကြတယ်လို့လည်း ဆိုပြီး ကိုယ်စားလှယ်လောင်းတွေရဲ့ ကိုယ်ရေးအချက်တွေကိုတော့ လက်ကမ်းစာစောင်၊ သက်ဆိုင်ရာ ဖေ့စ်ဘွတ်ခ်စာမျက်နှာတို့က တဆင့် ဖြန့်ဝေတယ်လို့ ဆိုပါတယ်။

ပါတီတွေအနေနဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်ထူထောင်ဖို့ ဆန္ဒရှိကြပြီး ငွေကြေးနဲ့ လူ့အရင်းအမြစ် အခက်အခဲတွေ ရှိနေတယ်လို့လည်း ဖြေခဲ့ကြပါတယ်။

ဒီစစ်တမ်းကို MATA အဖွဲ့ဝင် အဖွဲ့ ၇ ခုက ဦးဆောင်ပြုလုပ်ခဲ့ကြပြီး အသေးစိတ် အစီရင်ခံစာကိုတော့ လာမယ့် ဒီဇင်ဘာမှာ ထုတ်ပြန်မယ်လို့ ဆိုပါတယ်။ ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး ပြောခွင့်ရှိသူတယောက် ဖြစ်တဲ့ ဦးသန့်ဇင်က ဖြေခဲ့တာတွေအပေါ် ပြန်ဆန်းစစ်တာကို ဆက်လုပ်နေပြီး အသေးစိတ်အစီရင်ခံစာမှာ ဖော်ပြမယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013