DVB Logo
Home
မြန်မာသတင်း
ရန်ကုန် ကိုဗစ်စင်တာများတွင် လုပ်အားပေးအယောက် ၃၀ ကိုဗစ်-၁၉ ကူးစက်ခံထားရ
DVB
·
November 7, 2020
ရန်ကုန် ကိုဗစ်စင်တာများတွင် လုပ်အားပေးအယောက် ၃၀ ကိုဗစ်-၁၉ ကူးစက်ခံထားရ
Donate to DVB

ရန်ကုန်တိုင်းထဲက ကိုဗစ်ကုသရေး စင်တာတွေမှာ လုပ်အားပေးနေသူ အယောက် ၃၀ ကိုဗစ်ကူးစက်ခံခဲ့ရပြီး ဘယ်လို ကူးခံရတယ်ဆိုတာ မသိရသေးဘူးလို့ ရန်ကုန်တိုင်း လူငယ်ရေးရာကော်မတီအတွင်းရေးမှူး ဦးဒီငြိမ်းလင်းက ပြောပါတယ်။

ရန်ကုန်တိုင်း လူငယ်ရေးရာကော်မတီဟာ တိုင်းထဲက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေအတွက် စေတနာ့ဝန်ထမ်းတွေကို ကြီးကြပ်ပြီး မတ်လ ၂၇ ရက်က စလို့ လုပ်အားပေးနေတာဖြစ်ပါတယ်။

“အခုအချိန်ထိ ကိုဗစ် အတည်ပြုထားတာ အယောက် ၃၀၊ စစ်ထားတာက ၁၅ ယောက်လောက် ရှိတယ်။ သူတို့နဲ့ထိတွေ့လို့ ကွာရန်တင်းထားတာက ၁၈ ယောက်လောက်ရှိတယ်။ အများစုကတော့ ဘယ်လို ကူးခံရတယ်ဆိုတာ မသိပါဘူး” လို့ ဦးဒီငြိမ်းလင်းက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ စဖြစ်ခဲ့တဲ့အချိန်ကနေ ဒီနေ့အထိ စေတနာ့ဝန်ထမ်း အယောက် ၁,၀၀၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိ ရန်ကုန်တိုင်းထဲက ကိုဗစ်ရောဂါကုသရေးဌာနတွေ နဲ့ Facility Quarantine Center တွေမှာ စေတနာ့ဝန်ထမ်းအယောက် ၆၀၀ ကျော် တာဝန်ထမ်းဆောင်နေပါတယ်။

အောက်တိုဘာ ၃ ရက်က ရန်ကင်းပညာရေး ဒီဂရီကောလိပ် ကိုဗစ်ကုသရေးဌာနမှာ စေတနာ့ဝန်ထမ်းအသစ်တယောက်ဟာ ကျန်းမာရေးအထောက်အကူပြု အကာအကွယ်ပစ္စည်းတွေ ချွတ်ပြီးချိန်မှာ လမ်းကြောင်းမှားထွက်မိတာကြောင့် လူနာတွေထားတဲ့ ဆေးရုံဘက်ကို အကာ အကွယ်မဲ့ ဝင်ရောက်မိခဲ့တယ်လို့ လူငယ်ရေးရာကော်မတီက ထုတ်ပြန်ထားပါတယ်။

သူ့ကို အသွားအလာကန့်သတ်စောင့်ကြည့်ပြီး နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ်ယူ စစ်ဆေးရာမှာ ကိုဗစ်ကူးခံရတာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၃၀ ရက်ကလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေတဲ့ စေတနာ့ဝန်ထမ်းတယောက်မှာ ရောဂါသံသယလက္ခဏာတွေတွေ့လို့ စစ်ဆေးရာမှာ ပိုးတွေ့ခဲ့ပြီး သူနဲ့အတူ တာဝန်ထမ်းဆောင်သူတွေကို ပထမအကြိမ် Swab Test-Kit တွေနဲ့ စစ်ဆေးရာမှာ လူနာ ၇ ယောက်၊ ဒုတိယအကြိမ်အဖြစ် Department of Medical Research (DMR) မှာ စစ်ဆေးရာမှာ အတည်ပြုလူနာ ၇ ယောက် ထပ်တွေ့ခဲ့ပါတယ်။

နိုဝင်ဘာ ၂ ရက်က Times City Center COVID-19 ရောဂါကုသရေးဌာန (ဗိုလ်တထောင်)မှာ တာဝန်ထမ်းဆောင်နေတဲ့ စေတနာ့ဝန်ထမ်း ၃ ယောက်မှာ ရောဂါ သံသယလက္ခဏာ တွေ့လို့ စစ်ဆေးရာမှာ ၁ ယောက်မှာ ပိုးတွေ့ပြီး နိုဝင်ဘာ ၆ ရက်က စစ်ဆေးရာမှာတော့ ဆေးရုံအုပ်ကြီးအပါအဝင် စေတနာ့ဝန်ထမ်း ၁၃ ယောက်မှာ ပိုးတွေ့ခဲ့ရပါတယ်။

ပြီးတော့ နိုဝင်ဘာ ၃ ရက်ကလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင် ပြီးဆုံးလို့ အိမ်မပြန်ခင် သီးခြားနေထိုင်နေတဲ့ စေတနာ့ဝန်ထမ်းတယောက်ကို စစ်ဆေးရာမှာလည်း ကိုဗစ် ကူးခံထားရတာ တွေ့ရပါတယ်။

ဒီထဲက ၁ ယောက်ကတော့ ဆေးကုသမှုခံယူပြီးစီးခဲ့ပြီး ကျန်တဲ့ ၂၉ ယောက်လည်း ကျန်းမာရေးကောင်းမွန်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ပိုးတွေ့ စေတနာ့ဝန်ထမ်းတွေနဲ့ အသွားအလာကန့်သတ်ခံထားရတဲ့ စေတနာ့ဝန်ထမ်းတွေကြောင့် လုပ်အားပေးသူ လျော့နေပေမယ့် ထပ်ဖြည့်ထားတာမရှိသေးဘူးလို့ ဦးဒီငြိမ်းလင်းက ပြောပါတယ်။

Photo : Yangon Region Youth Affairs Committee

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013