DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်မှူးကြီး၏ ပြောကြားချက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ကိုက်ညီမှုမရှိဟု သမ္မတရုံးပြော
DVB
·
November 4, 2020
ဗိုလ်ချုပ်မှူးကြီး၏ ပြောကြားချက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ကိုက်ညီမှုမရှိဟု သမ္မတရုံးပြော
Donate to DVB

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောကြားချက်တွေဟာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ရော နိုင်ငံ့ဥပဒေတွေနဲ့ပါ ကိုက်ညီမှုမရှိဘူးလို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားလိုက်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ထုတ်ပြန်ချက်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပေါ်ပြူလာနယူးစ်ဂျာနယ်တို့ရဲ့ အွန်လိုင်းတွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားချက်တွေနဲ့ပတ်သက်ပြီး နိုဝင်ဘာ ၄ ရက်နေ့ သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက  ပြောကြားလိုက်တာပါ။

“တပ်မတော်ရဲ့ နောက်ဆုံးထုတ်ပြန်ချက်ဟာ နိုင်ငံရေးပါတီနဲ့ လူပုဂ္ဂိုလ် တချို့ရဲ့ တိကျ ရေရာသေချာမှုမရှိတဲ့ ပြောကြားချက်တွေကို အခြေခံထားပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေးကို အထောက်အကူမဖြစ်စေဘဲ စိုးရိမ်စိတ်တွေ မတည်ငြိမ်မှုတွေ ဖြစ်စေရေးကို အားပေးရာရောက်ပါတယ်။ တပ်မတော်ရဲ့ထုတ်ပြန်ချက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ပေါ်ပြူလာမဂ္ဂဇင်းတို့ တွေ့ဆုံမေးမြန်ခန်းမှာပြောကြားချက်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံ့ဥပဒေတွေရဲ့ အနှစ်သာရနဲ့ကိုက်ညီမှုမရှိပါဘူး” လို့ ဦးဇော်ဌေးက ပြောပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆ ပုဒ်မခွဲ(က)အရ နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနဲ့ကင်းရှင်းရမည် လို့ ပြဋ္ဌာန်းထားပါတယ်။ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၁၊ ပုဒ်မခွဲ(င)အရ ဝန်ထမ်းဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်၏ ဖွဲ့စည်းပုံပါရာထူးတစ်ခုခုတွင် ခန့်အပ်ခြင်းခံရသည့် နိုင်ငံ့ဝန်ထမ်းကိုဆိုသည်။ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ် ဖွဲ့ဝင်များသည် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သော်လည်း ယင်းတို့ရဲ့ လုပ်ငန်းသဘာဝနှင့် တာဝန်တို့အရ ဤဥပဒေပါကိစ္စရပ်များနှင့် အကြုံးဝင်ခြင်းမရှိစေရလို့ ပြဋ္ဌာန်းထားပါတယ်လို့ သိရပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၁၅ ရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲရလဒ်ကို လက်ခံနိုင်တယ်လို့ပြောခဲ့တဲ့ အကြောင်းနဲ့ အခုဆိုရင် တော်တော်လေးသတိထားရတဲ့ အခြေအနေဖြစ်လာတယ်လို့  ပေါ်ပြူလာဂျာနယ်နဲ့ အင်တာဗျူးမှာ ပြောကြားထားပါတယ်။ ဒါ့အပြင် တပ်မတော်အနေနဲ့ ရွေးကောက်ပွဲကော်မရှင်ကို  သတိပေးတဲ့အကြောင်းအရာက ဥပဒေအကြောင်းအရ ညီညွတ်တယ်လို့လည်း ကာကွယ်ရေး ဦးစီးချုပ်က ပြောသွားပါတယ်။

“ဘာလို့ မညီညွတ်မလဲ။ တပ်မတော်က  နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်ဖို့တာဝန်ရှိတယ်။  နောက်အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ်လို့ ပြဋ္ဌာန်း ပေးထားတယ်။ ဒီဟာက အခြေခံဥပဒေကပဲ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို သွားနေတာ နိုင်ငံတော်ကြီး တည်ဆောက်ထားတာ။ ဒီပေါ်မှာ ခိုင်ခိုင်မာမာဖြစ်ဖို့ တပ်မတော်က ပြောဖို့တာဝန်ရှိတယ်။ ကျနော်တို့ မပြောလို့ရှိရင် ဘယ်သူပြောမလဲ။ အခုနိုင်ငံတကာကလည်း ကျနော်တို့ အပေါ် ဝေဖန်မှုတွေ တဖြည်းဖြည်းနဲ့ရှိလာတယ်။  ပြောရလို့ရှိရင် နိုင်ငံရဲ့သိက္ခာရှိတယ်။ နိုင်ငံရဲ့သိက္ခာကို အထိအခိုက်မခံနိုင်ဘူး။ ဒါကြောင့် ကျနော်တို့ ဖြစ်စေချင်လို့ ထုတ်ပြောတာ။ တော်ရုံတန်ရုံဆိုရင် ကျနော်ပြောခဲပါတယ်။  မဖြစ်စေချင်လို့ သတိပေးတာပါ။ ဒီကိစ္စကို တာဝန်ယူရမှာကတော့ အစိုးရကတာဝန်ယူရလိမ့်မယ်။”လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။ 

ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး မီဒီယာတွေက မေးမြန်းရာမှာ ဦးဇော်ဌေးက “ Rule of the game က ဘာလဲဆိုတော့ ၂၀၀၈ အခြေခံဥပဒေပဲ။ ဒီ game စည်းမျဉ်းအတိုင်းပဲ အကုန်လုံးကသွားရမှာပဲ။ ဒီ Game စည်းမျဉ်းအတိုင်းမသွားဘူးဆိုရင်တော့ ဒီ Game က ပျက်ပြီ။ ဟုတ်ပြီနော်။ ဒါတွေက ဘာဖြစ်လာမယ်၊ ဘာဖြစ် လာမယ်လို့ ဘယ်သူမှလည်းမသိဘူး၊ ဘယ်သူမှလည်း မပြောနိုင်ဘူး၊ ကျနော်တို့လည်းမသိဘူး။ ဒါကအမျိုးမျိုးမှန်းဆ ချက်တွေပေါ့နော် ” လို့ ပြောပါတယ်။

ဒါအပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ လွတ်လပ်သောအဖွဲ့အစည်းဖြစ်ပြီး ပြည်ထောင်စုအစိုးရကို တာဝန်ခံ ရမယ်လို့ ဥပဒေတွေမှာ ပြဋ္ဌာန်းထားခြင်း လုံးဝမရှိတာကို သတိပြုသင့်တယ်လို့လည်း ဆိုပါတယ်။

ရွေးကောက်ပွဲအောင်မြင်စွာဖြစ်မြောက်ရေးကို ထိပါးအောင် မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်တွေက လုပ်ဆောင်နေတယ်ဆိုတာ အချိန်ကျရင် ပေါ်လွင်လာမှာဖြစ်ပြီး ခုအချိန်ကတည်းက ရွေးကောက်ပွဲတရားမျှတခြင်း မရှိဘူးလို့ ကြိုတင်အပြစ်တင် ဆုံးဖြတ်နေ တာဟာ မသင့်လျော်ဘူးလို့လည်း ပြောပါတယ်။

ခုရက်ပိုင်းအတွင်းကြိုတင်မဲပေးတာတွေနဲ့ပတ်သက်လို့ ဝေဖန်မှုတွေရှိပြီး တရားဝင်တိုင်ကြားတဲ့ အမှုဖွင့်ထားတာတွေလည်း ရှိသလို ဥပဒေကြောင်းအရ စစ်ဆေးဆုံးဖြတ်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးဟာ မြန်မာနိုင်ငံနဲ့ ပြည်သူတွေရဲ့ ဂုဏ်သိက္ခာနဲ့လည်း သက်ဆိုင်ပြီး ပါတီ စုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပျက်ပြားစေဖို့ အချိန်ကိုက်လှုပ်ရှားမှုတွေကိုလည်း အထူးသတိပြုကြစေလိုတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013